ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၂ (မော်ကွန်း)
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ လားရှိုးမြို့တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒီဒေသတွေက စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
လားရှိုးမြို့ကို MNDAA က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ အခုနှစ် ဇူလိုင်လပိုင်းထဲက လားရှိုးကနေ စွန့်ခွာလာသူတစ်ဦးကတော့ လက်ရှိမှာ မြို့ခံတချို့ မြို့ထဲကိုပြန်ဝင်တာရှိပေမယ့် အများစုက မပြန်ရဲကြသေးဘူးလို့ ပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီက အရပ်သားလူနေရပ်ကွက်တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လားရှိုးမြို့က စစ်ဘေးရှောင်လာသူအများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ ၎င်းကပြောပါတယ်။
“လားရှိုးဒေသခံအများစုပေါ့ ကျွန်တော်အပါအဝင် မပြန်ဖြစ်ကြသေးတာများပါတယ်။ ပြန်သွားလည်း အိမ်တစ်ချက်ပြန်ကြည့်တာ။ လိုတဲ့ပစ္စည်းတစ်ချက်ပြန်ယူတာလောက်ပဲ ပြန်ကြတာ။ စိတ်မချရသေးဘူးလေနော်။ နေ့တိုင်းဗုံးတွေကြဲနေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့ပြင် ဒီဒေသတွေမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း၊ လျှပ်စစ်မီး စတာတွေအဆင်မပြေသေးတာကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ကလည်း မစတင်နိုင်သေးသလို ဒေသတွင်း အခြေခံစားသောက်ကုန်ပြတ်လပ်တာ၊ ကုန်ဈေးနှုန်းတွေကြီးမြင့်နေတဲ့ အခြေအနေတွေရှိနေသးတယ်လို့ လားရှိုးမြို့မှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အခုရှိတာ ကားဆွဲတဲ့သူတွေလောက်ပဲ ဝင်ငွေတစ်ခုနဲ့ရှိတယ်။ အများစုက အလုပ်မရှိ၊ ဝင်ငွေမရှိဘဲနဲ့ ထိုင်မစားနိုင်ဘူးလေနော်။ ကုန်ဈေးနှုန်းတွေလည်း အကုန်တက်နေတာ၊ ကုန်စည်စီးဆင်းမှုလည်း မကောင်းသေးဘူး။ ဒီအခက်အခဲတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နဲ့ လားရှိုးမြို့တို့ကို သုံးရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလည်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုလ ၁၉ ရက်နဲ့ ၂၀ ရက်တွေက လောက်ကိုင်မြို့နဲ့ လားရှိုးမြို့အရှေ့တောင်ဘက်က နမ့်ဟူးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့သလို ဒီနေ့မနက်အစောပိုင်းကလည်း လားရှိုးမြို့က လူနေရပ်ကွက်ဖြစ်တဲ့ ရပ်ကွက် (၁၂) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်းက လားရှိုးမြို့ တိုက်ခိုက်မှုမှာ လူနေရပ်ကွက်ထဲက နေအိမ်အများအပြား ပျက်စီးခဲ့ကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်းကနေ တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့လထဲမှာဆိုရင် ရှမ်းမြောက်က မြို့နယ် ခြောက်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
လားရှိုး၊ သိန္နီနဲ့ လောက်ကိုင်မြို့တွေဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ကောင်စီလက်ထဲက သိမ်းယူခဲ့တဲ့ဒေသတွေဖြစ်ပြီး ဒီဒေသတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာ သုံးလကျော်လာပြီဖြစ်ပါတယ်။
ပုံစာ – ဒီမနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး နေအိမ်တွေပျက်စီးနေတဲ့ လာရှိုးမြို့မြင်ကွင်း
ဓာတ်ပုံ – ကိုးကန့်မီဒီယာ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

