ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၌ သတင်းအချက်အလက် ရယူပိုင်ခွင့် ဖော်ဆောင်ခြင်း (အိန္ဒိယ RTI လှုပ်ရှားမှု)

Credit: အန္ဒိယအစိုးရ၏ RTI ဝက်ဘ်ဆိုက်

အပြည့်အစုံကြည့်ရန် link   India RTI Website link: 

သတင်းအချက်အလက်ထုတ်ပြန်ခြင်းနှင့် ရယူ ပိုင်ခွင့်ဆိုင်ရာ ဥပဒေရေးဆွဲမှုအတွက် မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲစကားဝိုင်းတွေ ပြုလုပ်နေခဲ့ကြတာ ကာလတစ်ရပ်ကြာပြီဖြစ်၏။ ကနဦးတုံ့ပြန် ချက်တွေကတော့ ‘စောင့်ကြည့်ကြပါစို့ရဲ့…’ ဟူ၍ ပင်။ သို့ငြား သည်ကိစ္စအပြန်အလှန် ဆွေးနွေး ချက်တွေမြင့်တက်လာတော့ မီဒီယာလောကထဲ မှ မိတ်ဆွေတို့ အသံထွက်လာကြ၏။ ကျွန်တော့် စိတ်ဝိညာဉ်ဖြင့် ရှာဖွေခဲ့ရသော၊ ကျွန်တော်တွေ့ ကြုံခဲ့ရသော၊ မြန်မာ၏ အိမ်နီးချင်းအိန္ဒိယမှ လှုပ်ရှားမှုကြီးတစ်ခု၏ တစ်စိတ်တစ်ဒေသကို ဖောက်သည်ပြန်ချပေးဖို့…ဖြစ်လာပါ၏။ ကျွန်တော်ပြောဖို့ ဖိအားပေးခံလာခဲ့ရသည်။

မီဒီယာလုပ်ဖော်ကိုင်ဖက်တွေ ‘သတင်းအချက်အလက် ရယူပိုင်ခွင့်အတွက် လိုအပ်မှု’အကြောင်းပြောကြဆိုကြတာ ကျွန်တော်ကြားရတာကြောင့် ဝမ်းသာအယ်လဲဖြစ်ခဲ့ရသည်။ ကျွန်တော့်အတွေးတွေ အတိတ်ဆီ လည်ပြန်လှည့်သွားခဲ့၏။   ‘ဆင်းရဲ သားပြည်သူတို့၏ လှုပ်ရှားမှု’အဖြစ် စတင်ထွက်ပေါ်ခဲ့သော အိန္ဒိယ၏ လှုပ်ရှားမှုတစ်ရပ်ဆီ ပြန်ဖြန့်ကြက် ကျက်စားသွား သည်။ ယုံချင်ယုံ၊ မယုံချင်နေပါ။ ၂ဝဝ၂ ခုနှစ် သတင်းအချက် အလက်ရပိုင်ခွင့် အက်ဥပဒေ မွေးဖွားလာစေဖို့ အိန္ဒိယမှာ တစ် နိုင်ငံလုံးအသွင်ဆောင် လှုပ်ရှားမှုကြီးတစ်ရပ်၏ မျိုးစေ့မှာ လယ်သမားများ တောင်းဆိုမှုက စတင်ခဲ့ခြင်းဖြစ်ပါ၏။

မြန်မာမှာလည်း လိုအပ်ချက်ဖြစ်နေသော ဤကိစ္စအရာ၌ အိန္ဒိယဥပမာကို ထပ်တူကူးယူခြင်းမဟုတ်ဘဲ ကြည့်မြင်နိုင်ဖို့ ကောင်းပါသည်။ RTI  (Right to Information) အက်ဥပဒေ ဖော်ဆောင်ကြိုးပမ်းမှုကို နားလည်အောင် သိမြင်ထားလျှင် ကောင်းမွန်ပါမည်။ ဤကိစ္စက အားလုံးပူးပေါင်းပါဝင်နွယ်ယှက်မှု တစ်ရပ်အတွင်းမှ အထူးအားဖြင့် လုပ်ဆောင်ကြရပြီး ပိုမိုနက်ရှိုင်း သည့် စဉ်းစားချက်နည်းစဉ်တစ်ရပ်အတွက် လိုအပ်မှုဖြစ်နေသော ကြောင့်ပင်။ နောက်တစ်မျိုးဆိုရပါက ဤဖြစ်စဉ်သည် ပြည်သူလူထုက ဦးဆောင်ခဲ့ပြီး အခြေခံအလွှာများမှ စတင်ခြင်းဖြစ်၍ပင်။

အိန္ဒိယမှာ RTI လှုပ်ရှားမှု စတင်ခဲ့သည်က သတင်းထုတ် လုပ်ခွင့်ကို အကြီးအကျယ်ကြပ်မတ်ခံထားရပြီး သတင်းအချက် အလက်ထိန်းကွပ်ခံခဲ့ရသည့် ပြည်နယ်လေးတစ်ခုမှ ဖြစ်သည်။ လွတ်လပ်ရေးရပြီးကတည်းက စစ်အုပ်ချုပ်ရေး မရှိခဲ့ဖူးသော အိန္ဒိယ၌ လွတ်လပ်သော မီဒီယာတစ်ရပ် တည်ရှိတာ မှန်ပါ၏။ သို့ငြား သတင်းရယူပိုင်ခွင့်အရာ၌တော့ သိပ်မလွယ်ကူလှ။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှုကို မီဒီယာအနေဖြင့် တောင်းဆို ပိုင်ခွင့်မရှိ။ မရနိုင်ဆိုတာမျိုးတော့ မဟုတ်သော်ငြား လုပ်နည်းစဉ် အရ၌ တယူသန်ထိန်းသိမ်းချက်မျိုးနှင့် စိန်ခေါ်ခြင်းခံရတာတွေ ရှိနေခဲ့၏။

ဒါကို စတင်သယ်ယူလာခဲ့သူများက နောက်ခံမတူညီကြ သည့် မိတ်ဆွေသုံးဦးဖြစ်၏။ ၁၉၈၇ မှာ အနောက်ပိုင်းကန္တာရပြည် နယ်လေး ရာဂျက်စသန်ကို သူတို့သုံးဦး အလုပ်လုပ်ဖို့ အတူတူ ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်နှစ်အတွင်းမှာတော့ သူ တို့သုံးဦး ခေါင်းဆောင်၍ အိန္ဒိယ၏ အအောင်မြင်ဆုံး လူမှုတရား မျှတရေး လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သော မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို လယ်သမားများ၊ အလုပ်သမားများဖြင့် ဖွဲ့စည်းထူထောင် လိုက်နိုင်ခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့်လည်း သတင်းအချက် အလက်ရယူပိုင်ခွင့် RTI သည် မီဒီယာချည်းသက်သက်မဟုတ် တော့ဘဲ လူ့အဖွဲ့အစည်း၏ မျက်နှာစာတိုင်းကို ထိတွေ့ထင်ဟပ် လာစေသော လှုပ်ရှားမှုတစ်ရပ်အဖြစ် ပေါ်ထွက်ခဲ့ပါ၏။

အဝန်းအဝိုင်းအသိုက်အမြုံ ကွန်မြူနတီထဲမှ လယ်သမား များနှင့် ပြည်သူတို့၏ နိုးကြားတောင့်တချက် ဇာတ်လမ်းတွေဖြင့် ရင်ဆိုင်ခဲ့ကြရသော ခပ်နက်နက်ရှိုင်းရှိုင်း စိန်ခေါ်ချက်တွေ၊ လူမှု မညီမျှခြင်းတွေနှင့် လူမှုရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အတွက် အလင်းဖြာလမ်းပြချက်တွေက ထိုပုဂ္ဂိုလ်သုံးဦး ခေါင်း ဆောင်မှုဖြင့် လူသိများလှသော၊ ထင်ရှားအောင်မြင်သော မာ့ဇ် ဒေါကီစန်ရှက်တီဆန်ဂါသန် (MKSS) အဖွဲ့ကြီး ဖြစ်ပေါ်လာခဲ့ တော့၏။

အိန္ဒိယ RTI  တက်ကြွ လှုပ်ရှားသူဟောင်းကြီး  ဗီဗက်ရမ် ကူးမားက သူ၏ ‘အိန္ဒိယသိမြင်ပိုင်ခွင့် လှုပ်ရှားမှု’ခေါင်းစဉ်တပ် အသေးစိတ်လေ့လာချက်စာတမ်း၌ ယခုလို ရေးသားဖူးသည်။ ‘တချို့လူတွေအဖို့တော့ အိန္ဒိယဆင်းရဲသားပြည်သူတွေရဲ့ လှုပ်ရှားမှုတစ်ရပ်ဟာ  RTI ကိုတောင်းဆိုသင့်တယ်ဆိုတဲ့အပေါ် အံ့သြမှင်တက်ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ လယ်ယာသမားတွေနဲ့ အလုပ်သမားတွေရဲ့  အင်အားဖြည့်သမဂ္ဂတစ်ခုဖြစ်တဲ့ MKSS ဟာ အုပ်ချုပ်ရေးနယ်ပယ်မှာ နိုင်ငံသားပူးပေါင်းပါဝင်ခွင့် တံခါး တွေဖွင့်နိုင်ဖို့ သတင်းအချက်အလက်က ထိရောက်တဲ့ အင်အား တစ်ရပ်အဖြစ်၊ ကိရိယာတစ်ရပ်အဖြစ် ရှိတယ်၊ လိုအပ်တယ်ဆိုတဲ့ အပေါ် ယုံကြည်တယ်…’။

ရမ်ကူးမားက ထပ်မံဖြည့်စွက်ထားသေး၏။ ‘၁၉၈ဝ ပြည့် နှစ်နှောင်းပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု။ ဒါက သာ မန်ထက်ပိုတဲ့၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ လိုအင်ဆန္ဒတွေ ပါတယ်။ အစိုးရသတင်းအချက်အလက်တွေ၊ ဝန်ကြီးဌာနအရာရှိတို့ရဲ့  တရားဝင်မှတ်တမ်းမှတ်ရာတွေကို သာမန်နိုင်ငံသားတို့ ရယူ သိရှိပိုင်ခွင့်ဆိုတဲ့ တောင်းဆိုချက် ကြီးကြီးမားမား စွဲကိုင်ထားတဲ့ အဖွဲ့အစည်း။ ဒီအဖွဲ့အစည်းဟာ ဆန့်ကျင်ခံခဲ့ရတယ်။ MKSS က သတင်းရယူပိုင်ခွင့်ဆိုတာ လူထုအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အရာရှိတွေကို မေးခွန်းထုတ်ဖို့၊ တာဝန်ခံယူမှုကို တောင်းဆိုနိုင်ဖို့လို့ မြင်နိုင်ခဲ့တယ်။ ဒါကလည်း နိုင်ငံသားတွေ အတွက် ဝေဖန်စောကြောပိုင်ခွင့် ရဖို့ပါပဲ”။

ထိုစဉ်ကာလများ၌  RTI ကိစ္စရပ်သည် အိန္ဒိယအုပ်ချုပ်ရေး ပါရာဒိုင်းကို ပြောင်းလဲပစ်နိုင်သည်ဟု ယုံကြည်ချက်ဖြစ်လာခဲ့၏။ နိုင်ငံသားတို့ကို ကူညီထောက်ပံ့ရာ ရောက်စေရန် ပွင့်လင်းမြင် သာမှုတိုးမြှင့်နိုင်ဖို့ လိုအပ်ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများအတွက် အိန္ဒိယနိုင်ငံရေး၊ အုပ်ချုပ်ရေးထဲမှ အစိတ်အပိုင်းဖြစ်ကြသော တစ်ပတ်ရိုက်မှု၊ လှည့်ဖျားမှုနှင့် မုသားတစ်ဝက် လုပ်ရပ်အလွှာများကို ဆင်ခြင်သိမြင်ကြစေဖို့ဖြစ် ၏။ ပိုအရေးကြီးသည်က သတင်းအချက်အလက်တောင်းဆိုမှု အပေါ်သူတို့၏ လိုချင်ခြင်းသည် နိုင်ငံသားတို့၏ ရပိုင်ခွင့်ကို ရယူ ရေးလည်းဖြစ်၏။

လှုပ်ရှားမှုအစောပိုင်းနေ့ရက်ကာလများတွင်တော့ ‘သိမြင်ပိုင်ခွင့်’ ဆိုသည်ကို သိနားလည်သူ မရှိသလောက်ပင်။ သည် အဆင့်ကနေ နိုင်ငံလုံးချီအဆင့်အထိ စည်းရုံးလှုံ့ဆော်မှုတစ်ရပ် အသွင် ဖြစ်လာစေခဲ့သည်မှာ လူတိုင်းအကျိုးဖြစ်ထွန်းရေးဟူ သော နားလည်လာချက်ကြောင့်ဖြစ်၏။ တကယ်လည်း လူတိုင်း အကျိုးအတွက်ပဲ ဖြစ်ပါ၏။ လှုပ်ရှားမှုအောင်မြင်ခြင်းသည် ဤ အချက်အပေါ် အတော်မူတည်ခဲ့ပြီး ဘယ်လောက် တွဲဖက်ယှက် နွှယ်သလဲဟု ကြည့်ရဖို့ရှိ၏။

‘သတင်းအချက်အလက် ရပိုင်ခွင့်’ တက်ကြွလှုပ်ရှားသူ ဗီဗက်ရမ်ကူးမား ပြုစုတင်ပြခဲ့သော ရာဂျက်စသန်ပြည်နယ် MKSS နယ်မြေခေါင်းဆောင် လာလ်ဆင်း (Lal Singh) အကြောင်း တန်ဖိုးရှိလှသည့် ကောက်နုတ်တင်ပြချက်၌ ယခုလို တွေ့ရှိရပါ၏။

ရာဂျက်စသန်ပြည်သူ့ဝန်ထမ်းများ လေ့ကျင့်ရေးကျောင်း မှ ပြုလုပ်သော တရားဝင်အစည်းအဝေးတစ်ရပ်၌ လာလ်ဆင်း အနေဖြင့် RTI သည် ဥပဒေပြုရေးကဏ္ဍ အရေးကြီးအစိတ်အပိုင်း တစ်ရပ် ဘာကြောင့် ဖြစ်ရသလဲဟူခြင်း၌ သုံးမိနစ်စာ ရှင်းလင်း ပြောကြားခွင့်ရခဲ့၏။ အစိုးရဘက်မှ ပုဂ္ဂိုလ်တို့က အစည်းအဝေးကို အပြီးသတ်ဖို့ စိတ်လောနေကြပြီး ဆင်းကိုလည်း ကျေးလက်တွေ မှာ ဟောပြောသူအဖြစ်လောက်သာ မြင်ထားကြပုံရှိ၏။ လာလ်ဆင်း မတ်တတ်ရပ်ပြီး စတင်ကြေညာ ပြောဆိုလိုက်သည်။

”ခင်ဗျားတို့ ကျွန်တော့်ကို စကားပြောဖို့ အချိန်သုံးမိနစ် ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်ပြောမှာ တစ်မိနစ်ပဲ အချိန်ယူ ပါ့မယ်။ ခင်ဗျားတို့ (သင်တန်းသားဗျူရိုကရက်တို့ကို လက်ညှိုး ညွှန်၍) အနေနဲ့ဆိုရင် RTI ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့ပါဝါနဲ့ တာဝန်ခံယူမှုအပေါ် ဆိုးကျိုးသက်ရောက်မှုလို့ မြင်လိမ့်မယ်။ ကျွန်တော်တို့ (ကျေးလက်ဆင်းရဲသားများကို ရည်ညွှန်းပြ၍) RTI ဆိုတဲ့ ဝေါဟာရဟာ ကျွန်တော်တို့ သက်မွေးဝမ်းကျောင်းနဲ့ ကျွန်တော်တို့ရဲ့ ခံစားပိုင်ခွင့်တွေအပေါ် အကျိုးသက်ရောက်မှုလို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ဖက်စလုံးအနေနဲ့ ကိုယ်ကျိုးအတ္တစီးပွားတွေကို ကျော်လွန်ပြီးမြင်အောင် ရှာဖွေ ကြည့်သင့်ကြပါရဲ့။ ပြီးတော့ RTI ကို ဒီလိုမြင်ကြပါ။ မြင်လည်း မြင်သင့်ကြပါတယ်။ သတင်းအချက်အလက်ရယူပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ နေထိုင်သက်မွေးချင်ကြတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့ အစည်းရဲ့ အင်မတန် အခြေခံကျတဲ့အုတ်မြစ်တွေ။ RTI ဟာ အဲဒါတွေအပေါ်မှာ အကျိုးဆက်သက်ရောက်စေတဲ့ သူ့ကိုယ်ပိုင် ဝေါဟာရနဲ့ အဓိပ္ပာယ်ပါ”

မြန်မာမှာ RTI အကြောင်း ပြောနေဆိုနေကြခြင်းများသည် လည်း ‘ဆင်း’ပြောခဲ့သည်များကဲ့သို့ လိုအပ်နေခြင်းပင် ဖြစ်ပါ၏။ သတင်းအချက်အလက်ဟူသည် လူ့အဖွဲ့အစည်းတစ်ရပ်နှင့် ၎င်း ၌ ပါဝင်သက်ဆိုင်နေသူတို့၏ ဘဝ၊ သက်မွေးနေထိုင်မှု (များ)ဆိုင် ရာ အခြေခံအုတ်မြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောရိုးအူတိုင် ပင်မ မဏ္ဍိုင်ဖြစ်ပါ၏။

MKSS စလုပ်ခဲ့သည်က မြေရှင်မာဖီးယားများထံမှ သစ်တောမြေတွေ ပြန်ရရှိပိုင်ဆိုင်ရေး၊ အရက်ဆန့်ကျင်ရေးကမ်ပိန်း နှင့် အနိမ့်ဆုံးလုပ်ခလစာရရှိရေး မာကျောပြတ်သားသော တောင်းဆိုရုန်းကြွမှုတို့ ဖြစ်ကြ၏။

ဒါတောင် အစောပိုင်းကနဦး ကာလတွေ၌ သိပ်မလွယ်ကူ ခဲ့။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာရရှိရေး ငြင်း ပယ်ခံရ၍ ဒါကိုဆန့်ကျင်ပြီး MKSS ထိုင်သပိတ်ဆင်နွှဲချိန်မှာ RTI တက်ကြွလှုပ်ရှားသူများကလည်း ဒေသတွင်းအာဏာပိုင်တို့ တင်းခံနေခြင်းကို ထပ်မံပြန်လည်တောင်းဆိုခဲ့၏။ အစိုးရအရာရှိ များက နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ (ဗြိတိသျှကိုလိုနီ ခေတ်ကတည်းက ပြဋ္ဌာန်းထား)ကိုသာ မကြာခဏ အကြိမ်များ စွာထောက်ပြပြီး လွတ်လပ်ရေးရပြီးသော အိန္ဒိယ၌ လုပ်ခလစာ ပေးချေနေကြောင်း ညွှန်းဆိုခဲ့ကြ၏။ ထိုပေးငွေလစာစာရင်းမိတ္တူ များကိုတော့ MKSS ထံ မျှဝေခြင်းမရှိခဲ့။

သတင်းမှန်ရရှိရေး ရုန်းကြွမှုကနေ လှုပ်ရှားမှုကြီးထွားလာ သည်နှင့်အမျှ လူထုစည်းဝေးပွဲများကြောင့် အစိုးရလည်း ဖိအား သက်ရောက်ခံရတော့သည်။ သတင်းမှန် ဖြန့်ဝေပေးရေး၊ အစိုးရ မှတ်တမ်းမှတ်ရာများ ဝေမျှပေးရေးတို့အတွက် နိုင်ငံရေးခေါင်း ဆောင်များထံ ကိုယ်စားလှယ်များ စေလွှတ်လာခဲ့ကြ၏။ စည်းရုံး လှုံ့ဆော်မှုက မှတ်တမ်းမှတ်ရာတချို့ ရရှိလာနိုင်အောင်အထိ စတင်ရလဒ်ထွက်ပေါ်လာသည်။ ပြေစာများ၊ ဘောက်ချာများ၊ ငွေစာရင်းသွင်းထုတ်စာအုပ်၊ ဖိုင်များ၊ အလုပ်သမား လစာစာရင်း များနှင့် အင်ဂျင်နီယာတို့၏ တွက်ချက်မှုမှတ်တမ်းဖိုင်စာအုပ် များ ပါဝင်ရရှိလာသလို အလုပ်အကိုင်နေရာချထားမှု လည်ပတ်မြှင့် တင်ရေး ပရောဂျက်တွေ၏ အသေးစိတ်များကိုပါ ပြသသော စာရင်းဇယားတွေ ဖြစ်ကြသည်။

MKSS ပတ်ဝန်းကျင် ရွာနီးချုပ်စပ်ဒေသခံများကို ဤစာရင်းတွေ ထုတ်ဝေဖြန့်ချိပေး၏။ တကယ်တမ်း ဘာတွေဖြစ် နေသလဲဆိုတာကိုလည်း နှိုင်းယှဉ်ကြည့်လာနိုင်ကြတော့သည်။ ကနဦးတွေ့ရှိချက်တွေက ၎င်းတို့ ကာလရှည် သံသယဝင်ခဲ့ကြ သည်ကို မှန်ကန်သွားစေ၏။ ထိုထို ဤဤ ပရိုဂရမ်များ၏ စီမံ အုပ်ချုပ်ရေးပိုင်းမှာ အကျယ်တပြန့် လာဘ်စားထားမှုတွေ။ ဥပမာ-မှတ်တမ်းပြုလစာစာရင်းများ ပရောဂျက်တွေထဲက အလုပ်သမားတို့ကို ဘယ်တုန်းကမျှ မပေးခဲ့ခြင်းမျိုးတို့ဖြစ်၏။ ရေသွယ်တူးမြောင်းတွေ၊ အခြားအခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းမျိုးတွေသည်လည်း ဘယ်တုန်းကမျှ မဆောက်လုပ်ပေးခဲ့ (သို့မဟုတ်)ဆောက်လျှင်လည်း စာရွက်ထဲကထက် ဈေးပိုပေါ သော ပစ္စည်းများကိုသာ သုံးခဲ့ခြင်းမျိုး တွေဖြစ်ကြ၏။

သို့နှင့်ပဲ ဂျွန်ဆွန်ဝေးစ်ဟု ခေါ်ကြသည့် လူထုကြားနာမှုတွေ ဆင့်ခေါ်၏။ သရုပ်ပြပွဲ၊ ဆန္ဒပြပွဲတွေမှာ လူတွေစုစည်း၏။ ရာဂျက် စသန်ပြည်နယ်မှာ ဒါတွေအားလုံး ဖြစ်ပွားခဲ့သည်မို့ မြို့တော်ဘီဝါး ၌ နိုင်ငံသားများ သတင်းအချက်အလက်အမှန်များ ရရှိပိုင်ခွင့်ကို အစိုးရကြေညာထားသည့် ပရိုဂရမ်တိုင်းမှ ဖြစ်လာစေရေး နိုင်ငံ သားရပိုင်ခွင့်ဥပဒေတစ်ရပ်ပြဋ္ဌာန်းကျင့်သုံးပေးရန် တောင်းဆို ကြတော့သည်။ ဤဖြစ်ရပ်ကြောင့် အောင်မြင်မှုခပ်များများ စိုက် ထူနိုင်ခဲ့သည်။ ဒါးနက်စ် (Dharnas) ခေါ် ထိုင်သပိတ်ကလည်း အခြားပြည်သူများစွာကို ပိုဆွဲဆောင်နိုင်ခဲ့၏။ လူတွေအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းနည်းစဉ်များအပေါ် မေးခွန်း ထုတ်ဖို့၊ သိလိုသည်များ၏ အဖြေမှန်ကို ရရှိဖို့ဆိုခြင်းများက ၎င်း တို့၏ အခွင့်အရေးဖြစ်ကြောင်း သိမြင်လာသည်နှင့်အမျှ ပို၍ ပို၍ လိုလားတောင်းဆိုလာကြတော့သည်။ ပြည်သူတွေ (အထူး သဖြင့် ဆင်းရဲချို့တဲ့သူများ)ကိုယ်တိုင် လက်ရှိလှုပ်ရှားမှုသည် ၎င်းတို့ သက်မွေးဝမ်းကျောင်းဘဝ ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဆက်စပ်နေကြောင်း သိမြင်သဘောပေါက် နားလည်လာခဲ့ကြ ပါသည်။

ရာဂျက်စသန်ပြည်နယ် ဒက်ဗ်တွန်ဂီရိရွာငယ်လေးမှ စတင်ခဲ့သော ခရီးရှည်သည် ၁၉၈၇ ဖြစ်ပြီး ဤနည်းလမ်းကို ပြသ ဖွင့်ထုတ်ခဲ့သော မိတ်ဆွေသုံးဦးနှင့် လယ်သမားများအား ကျေးဇူးအထူးတင်ရှိကြရမည်ဖြစ်သည်။

မြန်မာဘက်ကို ပြန်ကြည့်ပြီး ဘာတွေဖြစ်နိုင်ခြေရှိသလဲ သုံးသပ်ကြည့်ကြပါမည်။ ဤနိုင်ငံမှာ တရားမျှတရေး တောင်းဆို ရုန်းကြွခြင်းယဉ်ကျေးမှုက ဘာမျှ အသစ်အဆန်းမဟုတ်ပေ။ ဆယ်စုနှစ်ငါးစုကျော် စစ်အုပ်ချုပ်ရေးအောက် နေထိုင်ခဲ့ကြသူ များစွာ ဖြတ်သန်းခံစားလာခဲ့ကြရပြီး ဖြစ်ပါ၏။ ပစ္စုပ္ပန်မှာတော့ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများနှင့်အတူ အစိုးရသစ် လည်း ဖွဲ့စည်းနေရာယူပြီးဖြစ်၏။ တောင်သူလယ်သမားတို့၏ ဘဝများ မြှင့်တင်ရေး၊ အလုပ်လက်မဲ့ လျှော့ချရေး၊ အနည်းဆုံး လုပ်ခလစာထပ်ဆောင်းရေး၊ ပြည်သူ့မြေယာများနှင့် သက်မွေး ဝမ်းကျောင်းရပ်တည်မှုများ ကာကွယ်ပေးရေးစသည်တို့က အခြားသော အကြောင်းအရာများစွာထဲမှ အထူးပြုဖြစ်နေပြီး တရားမျှတပြေပြစ်သည့် ဥပဒေတွေ ပေါ်ထွန်းကျင့်သုံးရန် မျှော်လင့်ချက်တို့လည်း မြင့်မြင့်မားမားရှိနေကြချိန်။ ‘လုပ်ရမည့် စာရင်း’ပေါက်ကိစ္စတွေထဲ အကြောင်းအရာမြောက်မြားစွာ။

တစ်ချိန်တည်းမှာပဲ မီဒီယာဥပဒေမူကြမ်းသည်လည်း အားပေးမြှောက်စား ဖြည့်ဆည်းရမည့် အကြောင်းတစ်ရပ်ဟု မှတ်ချက်ပြုရမည်ဖြစ်၏။ သေချာဂရုစိုက်ထုတ်နုတ်ပြရမည်က တော့ ပြည်သူ့အကျိုးစီးပွားဆိုင်ရာ မည်သည့်ဥပဒေမဆို ပြည်သူ ကိုယ်တိုင် ပါဝင်ဝန်းရံဖို့ လိုအပ်ချက်ပင်ဖြစ်သည်။ ယခုအကြံပြု ချက်များသည် အိန္ဒိယမှာလို လူထုလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်စေဖို့ဆိုတာမျိုးမဟုတ်ပါ။ မြန်မာမှာ ထိုကဲ့သို့ လိုအပ်ချက်မျိုး မရှိနိုင်ကောင်းပါ။ လူထုလှုပ်ရှားမှုတွေမျိုး အိန္ဒိယမှာလို သိပ် များများစားစား လိုအပ်ပုံလည်း မရပါ။ သို့သော် အတိအလင်း သေချာကျနတောင်းဆိုရမှာတွေတော့ ရှိနေ၏။ ဘေးဖယ်ထုတ် ခံအုပ်စုများ၊ လယ်သမားများ၏ မြေသိမ်းခံကိစ္စရပ်များ၊ ပြည်သူတွေထံမှ အနှစ်မဲ့သိမ်းယူထားသော သစ်တောများ၊ ဆင်း ရဲသားနှင့် အလုပ်သမားတို့၏ အနည်းဆုံး လုပ်ခလစာကိစ္စ (စာရင်းပေါက်နှင့် စာရင်းမပေါက်)ထိုင်းရောက်၊ မလေးရှား ရောက် ရွှေ့ပြောင်းအလုပ်သမားများကဲ့သို့ ကိစ္စရပ်များက ပြေ ပြစ်မျှတစေရေး ဖြစ်ပါ၏။

လယ်သမားနှင့် နေ့စာအလုပ်သမားတို့ သတင်းမှန်မရ ရှိသေးလျှင်၊ ၎င်းတို့အတွက် အနည်းဆုံးလိုအပ်ချက်တွေကိုမှ မဖြည့်ဆည်းပေးနိုင်သေးလျှင်  ကျွန်တော်တို့အနေဖြင့် ဤ အဆိုးတရားသံသရာအတွက် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင် ကြရပါတော့မည်။

ဤဥပဒေများ ဤသို့ ဖြစ်သင့်၊ ရှိသင့်သည်ဆိုခြင်း၌ ကနဦး သေချာကျန နားလည်ကြစေရန် ကြိုးစားကြမှုသည် အစောပိုင်း ကာလတစ်ရပ်တွင်သာ ရှိနေကြပါသေးသည်။ ကျေးရွာတွေက ပြည်သူတွေကို သွားရောက်ရှင်းပြကြရမည်။ မြို့ပြမှာလည်း လုပ် ဖို့လိုသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) တွေ၊ နိုင်ငံရေး ပါတီတွေနှင့် မီဒီယာတွေပါမကျန် ဝိုင်းထိုင်ဆွေးနွေးကြရဖို့ လည်းလိုမည်။ လူ့အဖွဲ့အစည်းအတွင်း လိုအပ်ချက်၊ လစ်ဟာ ချက်အားလုံးကို ဆွဲထုတ်ကြည့်မြင်ယူကြပြီး ဘာတွေက ဥပဒေ ပြုဖို့ လိုကိုလိုအပ်သည်ဆိုတာမျိုးတွေ ရွေးချယ်နိုင်ကြမှ တော်ရုံ ကျမည်ဖြစ်သည်။ မြန်ဆန်ထိရောက်လျှင် အတိုင်းထက် အလွန် ဖြစ်ချိမ့်မည်သာ။

စိတ်ထဲ စွဲမြဲမှတ်သားထားရန်လိုအပ်သော အချက်တွေရှိ ၏။ RTI သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ရရှိရေးဆိုသည်မှာ မီဒီယာတွေအတွက် သီးသန့်ချည်းမဟုတ်။ လယ်သမားများ၊ ခွဲခြားဆက်ဆံဘေးဖယ်ထုတ်ခံကြရသူများ၊ ရွှေ့ပြောင်းအခြေစိုက် သူများ၊ အလုပ်သမားလူတန်းစားနှင့် အထွေထွေသာမန်ပြည်သူ များ အားလုံးအနေဖြင့် ၎င်းတို့လိုအပ်သော သတင်း၊ ကိန်း ဂဏန်း၊ အချက်အလက်တွေကို လိုအပ်ချိန်မှာ သိရှိပိုင်ခွင့်၊ သိရှိနိုင်ရေးဆိုတာလည်း အရေးတကြီးပါဝင်၏။ ၎င်း၏ လုပ်ခ လစာ၊ သက်မွေးဝမ်းကျောင်းမှု၊ အဝန်းအဝိုင်းနှင့် လူ့အဖွဲ့အစည်း ၏ လူမှုဖူလုံရေးစသော အထူးပြုကိစ္စရပ်များတွင် ပို၍ ဆက်နွှယ် ပတ်သက်အရေးကြီးပါသည်။

အိန္ဒိယမှာတော့ MKSS ရှေ့ဆောင်လမ်းပြခဲ့သော RTI လှုပ်ရှားမှုကြောင့် မီဒီယာသည် လူထုကို သတင်းမှန်ပေးမှု၌ လက်တွဲဖက် ပါတနာအခန်းကဏ္ဍ ဖြစ်နေပါပြီ။ ဒီဆက်နွှယ်မှုက MKSS အတွက်လည်း အိန္ဒိယတစ်ဝန်းလုံးကို ဤလှုပ်ရှားမှု အကြောင်း သတင်းမှန်ပေးနိုင်ဖို့ အပြန်အလှန်အထောက် အကူဖြစ်စေ၏။ RTI က နိုင်ငံတော်နှင့် ပြည်သူလူထုအကြား ဆက်စပ်ချိန်ညှိယူနိုင်မှုကို သယ်ဆောင်ပေးလာခဲ့၏။ ယနေ့ကို ကြည့်ပါ။ ဗဟိုသတင်းအချက်အလက်ကော်မရှင် (CIC Central Information Commission) နှင့် ပြည်နယ် သတင်း အချက်အလက်ကော်မရှင်များ ( SICs-State Information Commission) တည်ရှိလာခဲ့ပြီး အစိုးရထံမှ သတင်းမှန်၊ ကိန်း ဂဏန်းအမှန်များကို ပြည်သူဆီ ဖြန့်ဝေပေးဖို့ တာဝန်ခံယူ ထားကြ၏။ ၂ဝဝ၅ ခုနှစ်နှင့် ၂ဝဝ၈ ခုနှစ် အတွင်း  RTI အက် ဥပဒေအောက်၌ နည်းဥပဒေများအရ သတင်းအချက်အလက် တောင်းခံလွှာ နှစ်သန်းခန့်ကို လက်ခံရရှိခဲ့သည်။

NGO များ၊ နိုင်ငံသားများက အစိုးရဆီမှ သတင်း အချက်အလက် မျိုးစုံရရှိရန်  ဤ RTI အက်ဥပဒေကို အသုံးပြုခဲ့ ကြသည်။

သို့သော် ပြဿ      နာတွေက ကြိမ်းသေရှိနေသည်။ အိန္ဒိယ တွင် RTI လှုပ်ရှားသူများသည် ခုခံနိုင်စွမ်းအားနည်းသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖြစ်နေသည်။ RTI လှုပ်ရှားသူအများစုသည် အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်လှုပ်ရှား သူများမဟုတ်ကြဘဲ တစ်ကိုယ်ရေအုပ်စုငယ်လောက်သာ ဆောင်ရွက်လေ့ရှိတတ်ကြပြီး လာဘ်ပေးလာဘ်ယူနှင့် အခြား တရားမဝင်ဆောင်ရွက်ချက်များ၌ ဒေါသဖြစ်နေသောကြောင့် လှုပ်ရှားကြခြင်းဖြစ်သည်။

RTI လှုပ်ရှားသူများ အကာအကွယ်မဲ့ရသည့် နောက်ထပ် အကြောင်းတစ်ခုမှာ ၎င်းတို့သည် လူထုအာဏာပိုင်များ၊ နိုင်ငံ ရေးခေါင်းဆောင်များနှင့် နယ်ပယ်တူနေထိုင်နေကြရသည်။ ထို ထိုပုဂ္ဂိုလ်တို့က ၎င်းတို့ဆောင်ရွက်မှုတွေကို သတင်းမထုတ်ပြန် ချင်ကြပါ။ ၂ဝဝ၅ ခုနှစ် RTI  အက်ဥပဒေက ခရာမှုတ်သူတွေအပေါ် လုံလောက်သော ကာကွယ်မှုမပေးနိုင်ပါ။

ဗဟိုသတင်းပြန်ကြားရေးကော်မရှင် (CIC) နှင့် ပြည်နယ် ကော်မရှင်များ (SICs) သည် ထိုထိုကဲ့သို့သော ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု၊ သို့မဟုတ် လိုအပ်ချိန်၌ အကာအကွယ်ပေးမှုတို့ကို ထိတွေ့ဆက်ဆံညှိနှိုင်းရန်အတွက် အလုံးစုံ အာဏာမရှိ။ အပ် နှင်းခံထားရခြင်းမရှိ။ ထို့ကြောင့်လည်း RTI အက်ဥပဒေ အောက်၌ သတင်းမှန်ရယူရေး ရှာဖွေဆောင်ရွက်မှုများကို အကာအကွယ်ပေးရမည့်အချက်အား ဖြည့်စွက်ရန်အတွက် လှုပ်ရှားကြိုးပမ်းမှုအသစ်တို့ ထပ်မံစတင်လာနေချိန် ဖြစ်ပါ တော့သည်။

ဖြစ်စဉ်များ ရက်စွဲမှတ်တမ်း

            (Courtesy:Just Associates:MAKING CHANGE HAPPEN SERIES,#2 Case Study, Part 1: The Right-to-Know Movement in India By Vivek Ramku-mar)

၁၉၈၇-ဒက်ဗ်တွန်ဂရီကျေးရွာ၌ အခြေခံ၍ မိတ်ဆွေသုံးဦး စတင် ထူထောင်။

၁၉၈၉-ဆိုဟန်ဂါရ် (Sohangarh) သစ်တောပြန်လည်တောင်းဆိုမှု ကမ်ပိန်း။

၁၉၉ဝ- MKSS ထူထောင်ဖွဲ့စည်း။

၁၉၉ဝ-ပထမအကြိမ် အစာငတ်ခံဆန္ဒပြမှု။ အစိုးရထောက်ပံ့ ပရောဂျက်များမှ အလုပ်သမားများ အနည်းဆုံး လုပ်ခလစာရရှိ ရေးတောင်းဆိုမှု။

၁၉၉၁-ဆန်ဂါဝါ့စ်ဒေသ အရက်သေစာဆန့်ကျင်ရေးကမ်ပိန်း။

၁၉၉၄-ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အသုံးပြုမှုရှင်းလင်းရန် ကော့ကီရာနာ၌ လူထုကြားနာမှု (ဂျန်ဆွန်ဝေးစ်)။

၁၉၉၆-‘သိရှိပိုင်ခွင့် တောင်းဆိုမှု’။ ဘီဝါဒေသ ထိုင်သပိတ် (ဒါးနက်စ်)။

၁၉၉၇-သတင်းမှန်ရယူပိုင်ခွင့် ပြည်သူ့လှုပ်ရှားမှု။ တစ်နိုင်ငံလုံး လွှမ်းခြုံသည်။ အိန္ဒိယတစ်ဝန်း ပြည်နယ်အားလုံးမှ ကမ်ပိန်းများ တစ်မိုးတည်းအောက် ကွန်ရက်တစ်ရပ်သဏ္ဌာန် ဖွဲ့စည်းနိုင်ရန် ပူးပေါင်း။

၁၉၉၈-ရာဂျက်စသန်ပြည်နယ်အစိုးရမှ ပန်ချာယာတီရာ့ဂျ် အက်ဥပဒေ (ကျေးရွာအုပ်ချုပ်ရေးဥပဒေ)ပြုစု။ ထိုဥပဒေအတွင်း ၌ သိရှိပိုင်ခွင့်အခန်းများ ထည့်သွင်းမိတ်ဆက်ပေးထား။

၂ဝဝဝ- RTI ဥပဒေကို ရာဂျက်စသန်ပြည်နယ်လွှတ်တော်က ပြည်နယ်တစ်ခုလုံး လွှမ်းခြုံစေရေး အတည်ပြုပြဋ္ဌာန်း။

၂ဝဝ၂-အိန္ဒိယအမျိုးသားပါလီမန်မှ RTI  ဥပဒေ အတည်ပြု ပြဋ္ဌာန်း။

            (မူရင်းစာတမ်းဆောင်းပါးရှင် ဘီဒါယက်ဒတ်စ်မှာ ဂျာနယ်လစ် ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွေးကောက်ပွဲများ၊ ဆက်သွယ်ရေးများ ဆိုင်ရာနှင့် အစိုးရကိစ္စရပ်များ၌ အလုပ်လုပ်ကိုင်နေသူဖြစ်၏။ ယခုတင်ပြ ချက်များသည် ၎င်း၏ ကိုယ်ပိုင်အာဘော်သာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကို မျှ ကိုယ်စားမပြုပါ။ ယခုစာတမ်းဆောင်းပါးကို အိန္ဒိယ  RTI လှုပ်ရှားမှုအပေါ် စာရေးဆရာများ ရေးသားထားကြသည့် လေ့လာချက်များထဲမှ ကောက်နုတ် ယူထားခြင်းဖြစ်၏။ RTI ပညာရှင်များ၏ စာတမ်းစာအုပ်များကိုလည်း မှီ ငြမ်းထားသည်။ မူရင်းစာရေးသူထံသို့ bidhayak.d@gmail.com ဖြင့် ဆက်သွယ်နိုင်သည်။)

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

ဘီဒါယက်ဒတ်စ် ရေးသားသည်။

မင်တင် ဘာသာပြန်သည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."