နှစ်သစ်မှာ NLD ပြောင်းလဲချိန်တန်ပြီ ။

နှစ်သစ်မှာ NLD ပြောင်းလဲချိန်တန်ပြီ ။

ကုန်ခဲ့သည့် နှစ်ဟောင်းကို ပြန်ကြည့်မည်ဆိုလျှင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တခဲ့ကြသည့် ဒီမိုကရေစီအစိုးရသစ် တက်လာသည့်အတွက် မျှော်မှန်းချက်ဒီရေတို့ မြင့်တက်လာခဲ့သော်လည်း မှန်းထားသလောက် ခရီးမပေါက်ခဲ့သည့်အပေါ် အားမလိုအားမရ ဖြစ်ခဲ့ရသည်။

စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဘက်ပေါင်းစုံချွတ်ခြုံကျခဲ့သော တိုင်းပြည်ကို အချိန်တိုအတွင်း ပြန်လည် ထူမတ် ရေးသည် အရပ်သားအစိုးရသစ်အတွက် အင်မတန်ကြီးလေးလွန်းသော ဝန်ထုပ်ဝန်ပိုးဖြစ်ပါသည်။ နေ့ချင်းညချင်း ပြောင်းလဲ မရနိုင်သည့် အခြေအနေကို သဘောပေါက်ကြသော်လည်း ကိုးလတာအတွင်း သိသာသောအပြောင်းအလဲဟူ၍ လက်ဆုပ် လက်ကိုင် ပြစရာမရှိခဲ့ပါ။ အဓိက ပြောင်းလဲမည်ထင်ထားသော်လည်း မပြောင်းလဲသည့် ဖြစ်စဉ်တစ်ခုက  သေနတ်သံများ တိတ် ဆိတ်မသွားခြင်းပင်ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်ပြီး ငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့သော်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အယုံအကြည်မရှိကြောင်း ပြသလိုက်ရာကျသည်။

ထိုတိုက်ပွဲများမဖြစ်ခင်ကတည်းက အစိုးရသစ်၏ လုပ်ဆောင်နိုင်စွမ်းကို တိုင်းရင်းသားခေါင်းဆောင်များ သံသယ ဖြစ်နေခဲ့ကြသည်။ ၎င်းတို့အမြင်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို အလိုက်အထိုက်ဆက်ဆံနေရပြီး အပစ်ရပ် ရေး၊ ထိုးစစ်ရပ်ရေးအတွက် တပ်မတော်ကို စည်းရုံးနိုင်ခြင်းမရှိဟု မြင်ကြသည်။ ငြိမ်းချမ်းရေးစကားပြောနေချိန်တွင် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး အိပ်မက်တို့ ဝေဝါးလုမတတ် ဖြစ်ခဲ့ရသလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အခရာကျသည့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း တိတ်ဆိတ်နေသည်။

ထို့ပြင် တစ်တိုင်းပြည်လုံးတွင် လှိုက်စားနေသော ဆင်းရဲမွဲတေမှုနှင့် အလုပ်ကိုင်ရှားပါးမှုတို့ကိုလည်း ထိရောက်စွာ မကုစား နိုင်သေးပါ။ တိုင်းရင်းသားဒေသများတွင် ဘိန်းစိုက်ပျိုးမှုလျော့ကျရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတို့တွင်လည်း အားရဖွယ်ရာလုပ် ဆောင်နေသည်ကို မမြင်တွေ့ရပါ။ တစ်ဖက်တွင် မတရားမှုများကို စုံစမ်းဖော်ထုတ် ရေးသားနေသော သတင်းမီဒီယာသမားများ၏ လုံခြုံရေးမှာလည်း ဆက်လက်အခြိမ်းခြောက်ခံနေရသည်။

အမျိုးမျိုးသောစိန်ခေါ်မှုများစွာနှင့် နပန်းလုံးနေရသည့် အစိုးရသစ်ကို ခေါင်းကိုက်စရာဖြစ်စေခဲ့သည်က ရခိုင်ပြဿ      နာပင် ဖြစ်သည်။ သွေးမြေခပဋိပက္ခဖြစ်ပြီးနောက် ရင်ကြားစေ့မရဖြစ်နေသော နှစ်ဖက်လူမှုအသိုင်းအဝိုင်း ပြန်လည်သင့်မြတ်ရေးကို နိုင်ငံတကာ ဖိအားအောက်တွင် လုပ်ဆောင်ရန် ပြင်ဆင်နေချိန် နိုင်ငံတကာ၏ ကရုဏာသက်မှုကို အကာအကွယ်ယူကာ လှုပ်ရှားလာသည့် အစွန်းရောက်အကြမ်းဖက်တို့၏ အန္တရာယ်ကလည်း ကြီးမားလှသည်။

ဆိုရလျှင် အစိုးရသစ်သည် စိန်ခေါ်မှုအဟောင်းနှင့် အသစ်တို့ကြားတွင် ညှပ်ပူးညှပ်ပိတ်ဖြစ်လျက်ရှိသည်။ မည်သို့သော အနေအထားရောက်နေသည်ဖြစ်စေ   ပြည်သူများ မျှော်လင့်နေ      ကြသည်က သေနတ်သံများတိတ်ရေး၊ ၎င်းတို့စားဝတ်နေရေး တိုးတက်ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးမြင့်မားရေး၊ ရာဇဝတ်မှုများ လျော့ကျရေးပင်ဖြစ်သည်။

၂ဝ၁၆ နှစ်ဟောင်းတုန်းက တက်ခါစဖြစ်သောကြောင့် NLD အစိုးရသစ်ပေါ် လူထုက သက်ညှာသည့်အမြင်ဖြင့် မြင်ပေး ခဲ့သော်လည်း ရှေ့လျှောက်ဆက်လက်သည်းခံနိုင်ကောင်းမှ သည်းခံကြပါလိမ့်မည်။ သို့ဖြစ်ရာ နှစ်သစ်တွင် ရွေးကောက်ပွဲ ကတိကဝတ်များကို မဖြစ်မနေ အကောင်အထည်ဖော်ခြင်းဖြင့်               ပြုပြင်ပြောင်းလဲရေး လုပ်စရာရှိသည်များကို ရဲတင်းစွာ လုပ် ဆောင်ပြရတော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့မဂ္ဂဇင်းက တိုက်တွန်းလိုက်သည်။    ။

 

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ အယ်ဒီတာ အာဘော်ဖြစ်ပါသည်။

 

မော်ကွန်းအယ်ဒီတာ အဖွဲ့
mawkun.chronicle@gmail.com

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."