သေငယ်ဇောနဲ့မျောနေတဲ့ မိုးယွင်းကြီး

သေငယ်ဇောနဲ့မျောနေတဲ့ မိုးယွင်းကြီး

၂၀၁၈ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅) မှ သတင်းဆောင်းပါးဖြစ်ပါသည်။

မိုးယွင်းကြီး (ဧပြီ၊ ၂ဝ၁၈)

ဗညားကျော်ရေးသည်။

မိုးယွင်းကြီးအင်း ပတ်ဝန်းကျင်တစ်ခုလုံးဟာ ညို့မှိုင်းအုံ့ ဆိုင်းနေပြီး မိုးဖွဲတွေကျကာ လှိုင်းလေထန်လာတာကြောင့် ဦးငွေမောင်းဟာ ငါးဖမ်းပိုက်တွေသိမ်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အင်းကြီးကတော့ တိမ်ညိုတွေဆီက ဖိတ်ကျလာတဲ့ မိုးဖွဲတွေကို ခွက်နဲ့ ခံထားသလို ရှိနေပါတယ်။

ပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေကြောင့် အင်းရေပြင်ဟာ လှိုင်းထပြီး သူ့ရဲ့စက်လှေကို ဘယ်ပြန်ညာပြန် ရိုက်ပုတ်နေတာကြောင့်  လှိုင်းမထတဲ့ ဒိုက်ပင်တွေကြားထဲ ခိုနားရင်း အိမ်ပြန်ဖို့ အခွင့်သာမယ့် အချိန်ကို စောင့်နေပါတယ်။

ခဏနေတော့ လေငြိမ်သွားပြီအထင်နဲ့ လှေကို စက်နှိုးပြီး မောင်းလိုက်တဲ့အခါမှာ လှိုင်းနှစ်ချက်လောက် ဆောင့်ရိုက်တာ ခံလိုက်ရပြီး လှေမြုပ်သွားတယ်လို့ မိုးယွင်းကြီးအင်းထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက လှေမှောက်ခဲ့တဲ့ အဖြစ်ကို အသက် ၆၁ နှစ်အရွယ် ဦးငွေမောင်းက ပြန်ပြောပြပါတယ်။

မိုးယွင်းကြီးအင်းထဲ ငါးဖမ်းလုပ်သက် အနှစ် ၄ဝ နီးပါးမှာ အခုလိုဖြစ်ခဲ့တာဟာ ပထမဆုံးပဲလို့ သူက ဆိုပါတယ်။ ဒီလိုဖြစ် လာတာဟာ ဦးငွေမောင်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိုးယွင်းကြီးအင်းကို မှီခိုပြီး ရေလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ အဲဒီလိုအဖြစ်မျိုးကို ပြီးခဲ့တဲ့နှစ်နှစ်က စတင်ကြုံတွေ့လာရတယ်လို့ မော်ကွန်းကို ပြောပြပါတယ်။

မိုးယွင်းကြီးအင်း (Photo: Banyar Kyaw)

မိုးယွင်းကြီးအင်းထဲမှာ မြက်ပင်၊ ဒိုက်ပင်တွေနဲ့ ကြာပင်တွေ လျော့ပါးလာတာကြောင့် အင်းထဲမှာ လှိုင်းတွေ ထပြီး အခုလို ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၁၅ ကစပြီး အင်းထဲက မြက်၊ ဒိုက်နဲ့ ကြာတွေ တဖြည်းဖြည်း ပျောက်လာတဲ့အတွက် အင်းကြီး ပျက်စီးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။

”ဒီအတိုင်း မြက်တွေ ပြောင်လိုက်လာရင် ပင်လယ်လိုမျိုး ဖြစ်သွားမှာ”လို့ ဦးငွေမောင်းက မှတ်ချက်ပေးပါတယ်။

မိုးယွင်းကြီးအင်းဆိုတာ

ပဲခူးမြို့နယ်နဲ့ ဝေါမြို့နယ်ကြားမှာ တည်ရှိပြီး စတုန်ရန်းမိုင် ၄ဝ အကျယ်အဝန်း (၂၅,၆ဝဝ ဧက) ရှိပါတယ်။ မိုးယွင်းကြီး ရေလှောင်တမံကို ၁၈၇၈ မှာ ပဲခူး-စစ်တောင်း တူးမြောင်းအတွင်း သစ်ဖောင်မျှောဖို့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရာစုနှစ်တစ်စု အကြာမှာတော့ သဘာဝအင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၈ မှာ ‘မိုးယွင်းကြီးအင်းဘေးမဲ့တော’အဖြစ် သတ်မှတ်ခဲ့တယ်လို့ မိုးယွင်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောလက်ကမ်းစာ စောင်မှာ ဖော်ပြထားပါတယ်။

၂ဝဝ၅ မှာတော့ နိုင်ငံတကာ ရေတိမ်ဒေသထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်တဲ့ ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) အဖွဲ့ကို မြန်မာနိုင်ငံက ဝင်ရောက်ခဲ့ရာမှ မိုးယွင်းကြီးအင်း ဘေးမဲ့တောဟာ မြန်မာနိုင်ငံဆိုင်ရာ က္ဘာ့အရေးကြီး ထိန်းသိမ်းရမယ့်ရေတိမ်ဒေသ (Ramsar Site) အဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အသိအမှတ်ပြုခံရတဲ့ နေရာ ဖြစ်လာပါတယ်။

ရမ်ဆာကွန်ဗင်းရှင်းဆိုတာကတော့ ရေတိမ်ဒေသများဆိုင်ရာ နိုင်ငံတကာစာချုပ်တစ်ရပ်ဖြစ်ပြီး ရေတိမ်ဒေသတွေ၊ ရေတိမ်သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နည်းလမ်းတကျ မှန်ကန်စွာ အသုံးပြုရေးအတွက် အထောက်အကူပြုပေးတာပါ။

ဒီကွန်ဗင်းရှင်းက ဂေဟစနစ်တစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ က္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ဝင် ၁၆၉ နိုင်ငံရှိပြီး ရမ်ဆာနေရာအဖြစ် ကမ္ဘာတစ်ဝန်း သတ်မှတ်ပြီးတဲ့ နေရာပေါင်း ၂,၃၁၉ ရှိတယ်လို့ Ramsar Siteရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိ မိုးယွင်းကြီးအင်းဟာ ရေတိမ်ဒေသဆိုင်ရာ သတ်မှတ်စံချိန်၊ စံညွှန်းအချက် ကိုးချက်ထဲက ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့် ငှက်မျိုးစိတ်သုံးခုရှိခြင်း၊ နှစ်စဉ် အင်းကို ဆောင်းခိုငှက် နှစ်သောင်းခန့်ကျရောက်ခြင်းနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ငှက်မျိုးစိတ်ရဲ့ တစ်ရာခိုင်နှုန်းရှိခြင်း (သုံးသိန်းတွင် သုံးထောင်ရှိခြင်း)စတဲ့ အချက်သုံးချက်နဲ့ ကိုက်ညီနေတယ်လို့ မိုးယွင်းကြီးအင်း ဘေးမဲ့တောရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကမ္ဘာ့အရေးကြီး ထိန်းသိမ်းရမယ့် ရေတိမ်ဒေသအဖြစ် မိုးယွင်းကြီးအပါအဝင် အင်းတော်ကြီးကန်၊ မိန်းမလှကျွန်းနှင့် မုတ္တမကွေ့ဒေသတို့လည်း သတ်မှတ်ခံထားရပါတယ်။

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဦးထွန်းထွန်းမြင့်က မိုးယွင်းကြီးအင်းရေဟာ ငှက်တွေရဲ့ အစာဖြစ်တဲ့ ရေမျောပင်လေးတွေ၊ ရေမျောကောင်လေးတွေ ရှင်သန်နိုင်ဖို့    အကောင်းဆုံးနေရာတစ်ခု ဖြစ်တာကြောင့်လည်း ငှက်တွေ လာရောက်ခိုလှုံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ နဲ့ ၂ဝ၁၇ မှာ သတ္တဗေဒဆိုင်ရာ ဒေါက်တာဘွဲ့အတွက် ကျွဲနဲ့ မျှော့အကြောင်းကို စာတမ်းပြုစုခဲ့စဉ်က မိုးယွင်းကြီးအင်းရေကို ဓာတ်ခွဲစမ်းသပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မိုးယွင်းကြီးအင်းကို မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေကတော့ လက်ရှိမှာ အင်းကြီးဟာ တဖြည်းဖြည်းပျက်စီးလာနေတယ်လို့ ဆိုကြပါတယ်။

ပင်လယ်ဖြစ်လာတဲ့ မိုးယွင်းကြီးအင်း

ဟိုးယခင်ကဆိုရင် မိုးယွင်းကြီးအင်းထဲမှာ ဒိုက်တွေ၊ မြက် တွေနဲ့ ကြာပင်တွေ ရှိနေတာကြောင့် အင်းထဲမှာ လေတိုက်လို့ လှိုင်းထတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

”(ဒိုက်တွေကို) ထိုးဝါးနဲ့ ထိုးပြီး လှေနဲ့ သွားခဲ့ရသေးတယ်”  လို့ အင်းကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ကပင်ကျေးရွာက အသက် ၆၄ နှစ်အရွယ် ဦးထွန်းမြင့်က ပြောပါတယ်။

ဒါပေမဲ့ အခုဆိုရင် အင်းထဲမှာ ”လှိုင်းထနေတယ်”ဆိုတဲ့ စကားကို ဒေသခံတွေဆီက မကြာခဏ ကြားနေရပြီး ငါးထွက်ရှာတဲ့အခါမှာလည်း လှေတွေကို စက်တပ်ပြီး သွားလာနေရတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။

လက်ရှိမှာတော့ မိုးယွင်းကြီးအင်းဟာ ”မျက်စိတစ်ဆုံးကို ပြောင်နေတာ ကြောက်စရာကြီးပေါ့”လို့ ဦးထွန်းမြင့်က ဆက်ပြောပါတယ်။

အင်းထဲမှာ အခုလိုပြောင်းလဲလာတာကြောင့် ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လက်လှော်လှေတွေကို အသုံးမပြုတော့ဘဲ လှိုင်းလေတွေကြား မြန်မြန်ဆန်ဆန်သွားလို့ရအောင် စက်တပ်လှေတွေကိုသာ အသုံးပြုလာကြတယ်လို့ ဒေသခံတံငါသည်တွေက ဆိုကြပါတယ်။

မိုးယွင်းကြီးအင်းအနီးက ပေါက်တောကျေးရွာမှာနေတဲ့ ဒေါ်ခင်ရွှေဆိုရင် အင်းထဲ ဆင်းပြီး ငါးမရှာတာ သုံးလနီးပါးရှိနေပြီလို့ ဆိုပါတယ်။ သူဟာ အင်းထဲမှာ လက်လှော်လှေကို အသုံးပြုပြီး ငါးမျှားတာပါ။ အင်းထဲကို မနက် ရှစ်နာရီလောက်ကနေ ထမင်းထုပ်နဲ့ ထွက်သွားပြီး ညနေသုံးနာရီလောက်မှ အိမ်ပြန်ရောက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာထဲမှာ သူ ငါးမျှားနေရင်း  လေတိုက်လာတဲ့အခါမှာ အင်းရေပြင်ဟာ လှိုင်းထပြီး သူ့လှေဝမ်းထဲကို ရေတွေဝင်လာပါတယ်။ ပြီးတော့ လှေကလည်း ဘယ်ညာ လူးနေတာကြောင့် ”တာဘေးကို ကမန်းကတန်းကပ်လိုက်ပြီး တာပေါင်ပေါ် တက်ပြေးရတယ်”လို့ အသက် ၆၃ နှစ်ရှိ ဒေါ်ခင်ရွှေက ရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာ အင်းဟာ ”ပြောင်ကြီးဆိုတော့ အ္တရာယ်ရှိတော့ မလုပ်ရဲမကိုင်ရဲပေ့ါ”လို့ သူက ပြောပါတယ်။

အရင်တုန်းကတော့ လှိုင်းလေကြမ်းတဲ့အခါမှာ  ဒိုက်ထဲမှာ လှေထိုးပြီး နေလို့ရပေမယ့် အခုကတော့ ခိုကပ်စရာမရှိတော့တာကြောင့် ငါးဖမ်းမထွက်တော့ဘူးလို့ သူက ညည်းတွားပါတယ်။ ဒါ့အပြင် အင်းထဲမှာ လေကြမ်းလို့ လှေမှောက်တာတွေလည်း မကြာခဏဖြစ်လာတယ်လို့ ဒေသခံတံငါသည်တွေက ပြောကြပါတယ်။

ပေါက်တောကျေးရွာမှာနေတဲ့ ဦးလှရွှေကလည်း အရင်က မိုးတွင်းမှာတောင် လေဘယ်လောက်တိုက်တိုက် မြက်တွေ၊ ဒိုက်တွေ ရှိတာကြောင့် ငါးရှာထွက်ရဲပေမယ့် အခုနောက်ပိုင်းမှာတော့ လှိုင်းကြောက်လို့ဆိုပြီး ကမ်းစပ်နီးနားမှာပဲ ငါးဖမ်းနေရတယ်လို့ သူ့အဖြစ်ကိုပြောရင်း ရယ်ပြပါတယ်။

”ကုန်းပေါ်မှာ လေဖြူးဖြူးလေးက ဟို(အင်း)ထဲမှာ တဝုန်း ဝုန်းထနေတာ”လို့ အသက် ၄၉ နှစ်အရွယ် ဦးလှရွှေက ဆိုပါတယ်။

ဒိုက်ပင်တွေကြား ခိုနားနေကြတဲ့ ဒေသခံတံငါသည်တွေ (Photo: Banyar Kyaw)

ဒိုက်တွေ၊ ကြာတွေ  ခရုစားသွားတာလား

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Biodiversity And Nature Conservation Association – BANCA) ရဲ့ သုတေသနနဲ့ ထိန်းသိမ်းရေး စီမံကိန်းမန်နေဂျာဖြစ်သူ ဒေါ်သီရိဒေဝီအောင်က မိုးယွင်းကြီးအင်း တဖြည်းဖြည်း ပျက်စီးလာနေတာဟာ အကြောင်းအရာတစ်ခုချင်းစီက နည်းနည်းချင်း ဖြစ်လာတာလို့ ဆိုပါတယ်။

”စစချင်းတော့ မသိပေမယ့် နောက်ပိုင်း (အင်းရဲ့ အရည်အသွေး)ကျဆင်းမှုနှုန်းက များလာတာ”  လို့ သူက ပြောပါတယ်။

အင်းရဲ့အရည်အသွေးကျဆင်းတယ်ဆိုတာကတော့ အင်းရေရဲ့အရည်အသွေးကျဆင်းလာတာ၊ အင်းထဲ ပေါက်ရောက်တဲ့ အပင်မျိုးစိတ်တွေ နည်းပါးလာတာနဲ့ ငါးမျိုးစိတ်၊ ငှက်မျိုးစိတ်တွေ နည်းလာတာ ဖြစ်တယ်လို့ ဒေါ်သီရိဒေဝီအောင်က ရှင်းပြပါတယ်။

အင်းထဲမှာ ဒေသခံတွေက ဒိုက်ပင်တွေ ပတ်ပတ်လည်မှာ ပိုက်ချပြီး ချုံခိုငါးဖမ်းကြတာ၊ ငါးပိုက်ပြန်ဖော်တဲ့အခါ ဒိုက်ပင် တွေကို ဖျက်ဆီးပစ်တာတွေကြောင့် ဒိုက်ပင်တွေ ပျက်စီးလာတာလို့ သူက မှတ်ချက်ပြုပါတယ်။

ပြီးတော့ ဒိုက်တွေ ပျက်စီးပြီး ရေထဲမြုပ်သွားတာကြောင့် ”အောက်က ကြမ်းပြင်က တက်လာတာပေါ့၊ အဲဒီတော့ ရေပြင် ကျယ်လာတာ”လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် အင်းကို ပျက်စီးစေတဲ့ အချက်တစ်ချက်ကတော့ ကျူးကျော်မျိုးစိတ်လို့ ခေါ်တဲ့ ရွှေခရုတွေဟာ  အင်းထဲက အပင်ငယ်တွေ နည်းလာအောင် ကိုက်ဖြတ်စားသောက်လိုက်ကြပြီး မျိုးပွားကြပါတယ်။ အဲဒီခရုတွေ အဆမတန် များပြားလာတာဟာ အင်းရဲ့ ဟန်ချက်ညီမှုကို ပျက်စေပြီး အခြားမျိုးစိတ်တွေရဲ့ အစာရေစာကိုပါ လျော့နည်းလာစေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေကလည်း အခုလို မိုးယွင်းကြီးအင်းထဲမှာ ဒိုက်တွေ၊ မြက်ပင်တွေနဲ့ ကြာပင်တွေ တဖြည်းဖြည်းပျောက်လာတာဟာ ရွှေခရုတွေကြောင့်လို့ဆိုကြပါတယ်။

အဲဒီ ခရုတွေကို ပြီးခဲ့တဲ့ ၂ဝ၁၅ မှာ ငါးရှဉ့်ထောင်ဖမ်းသူ တွေက ဧရာဝတီတိုင်းကနေ ယူလာခဲ့ရာက ပြန့်ပွားသွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ဘယ်သူယူလာတယ်ဆိုတာကို တိတိ ကျကျ မသိပေမယ့် မိုးယွင်းကြီးအင်းအနီးက ပေါက်တောဆိုတဲ့ ကျေးရွာက စခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

(ရွှေခရုနဲ့ပတ်သက်ပြီး ၂ဝ၁၇ ဒီဇင်ဘာထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၅၂ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။)

ပေါက်တောကျေးရွာက ဦးလှရွှေက သူ့အမြင်အရ ခရုတွေဟာ တစ်နှစ်ပတ်လုံး သားပေါက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ခရုတွေဟာ နေ့ခင်းချိန်မှာ ရေထဲမြုပ်နေကြပြီး ညဘက်ရောက်တဲ့အခါကျမှ ရေပေါ်တက်လာကြပြီး ”ပါးစပ်ကြီး ဖြဲပြီးတော့ လျှောက်ကူးနေတယ်”လို့ သူက ပြောပြပါတယ်။

အဲဒီခရုတွေ စရောက်စဉ်တုန်းက အင်းရဲ့ ဘေးဘက်မှာရှိတဲ့ စပါးခင်းတွေကို စတင် ကိုက်ဖြတ်စားသောက်ကြတာပါ။  လယ်သမားတွေက  ခရုသတ်ဆေးချပြီး သတ်တဲ့အခါ ခရုတွေဟာ မိုး ယွင်းကြီးအင်းထဲကို ကူးသွားတာလို့ ဦးလှရွှေက ရှင်းပြပါတယ်။

အင်းထဲမှာတော့ ဆေးချခွင့် မရှိတာကြောင့် ခရုတွေ အင်းထဲရောက်သွားတာဟာ ”သူတို့ကို မွေးထားသလို ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

ခရုတွေ မိုးယွင်းကြီးအင်းထဲ ရောက်သွားတဲ့အခါမှာ အင်း ထဲက ဒိုက်တွေ၊ မြက်တွေနဲ့ ကြာပင်တွေကို စားသောက်ဖျက်ဆီးကြတာပါ။

သုံးအိမ်စုကျေးရွာက ဦးအောင်ရွှေရဲ့ အဆိုအရ သူ ပုံမှန် တွေ့နေရတဲ့ အင်းထဲက ဒိုက်ပင်အထူကြီးတွေနဲ့ ကြာပင်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်း သူ့မျက်စိရှေ့မှာတင် တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်လို့ အင်းရေပြင်ကို လက်ညှိုးထိုးရင်း သူက ပြောပါတယ်။

”မိုးတွင်းရောက်ရင် ခရုဥတွေက ကြာတစ်ခင်းလုံးကို ပန်း ရောင်သန်းနေတာ”လို့ သူက မှတ်ချက်ပြုပါတယ်။

ကြာရိုးပေါ်တွင် တွယ်ကပ်နေသော ရွှေခရုဥမြုံ (Photo: Banyar Kyaw)

 

အင်းထဲက ကြာပင်တွေ တဖြည်းဖြည်းပျောက်သွားတာကို ခရုကြောင့်အပြင် ကြာသင်္ကန်းလုပ်ငန်းကြောင့်လို့ ဒေသခံတချို့က ဆိုကြပေမယ့် ဒီလုပ်ငန်းကို စတင်တည်ထောင်ကတည်းက ဝင်ရောက် အလုပ်လုပ်ခဲ့တဲ့ သုံးအိမ်စုကျေးရွာမှ ဦးအောင်ရွှေက ငြင်းဆိုပါတယ်။

ကြာသင်္ကန်းလုပ်ငန်းအနေနဲ့ တစ်ရက်ကို ပဒုမ္မာကြာရိုး တစ်ထောင်ကျော် နုတ်ယူတယ်ဆိုပေမယ့် ”အမြစ်ကမှ နုတ်တာ မဟုတ်တာ။ အမြစ်တွေက လျှောက်သွားပြီး ပေါက်နေတာ”လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ထုတ်ယူစရာ ကြာပင်တွေ မရှိတော့လို့ လုပ်ငန်းကို ရပ်နားလိုက်တာဟာ နှစ်နှစ်နီးပါးရှိသွားပြီလို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ပဒုမ္မာကြာအပါအဝင် အင်းထဲက ကြာဖြူ၊ ကြာနီ၊ ကြာပြာနဲ့ ကြာလင်ပန်း စတဲ့ ကြာမျိုးစိတ်တွေဟာတဖြည်းဖြည်း ပျောက်ကွယ်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ မော်ကွန်းက အင်းထဲ သွားရောက်လေ့လာခဲ့တဲ့အခါ မိုးယွင်းကြီးအင်းရဲ့ ရေနက်ပိုင်းဖြစ်တဲ့ ကန်လေးလုံးဆိုတဲ့နေရာမှာ ကြာဖြူပင်တွေဟာ ပိုးကျပြီး မည်းခြောက်နေတာကို တွေ့ခဲ့ရပါတယ်။

အင်းထဲမှာ ကြာပင်တွေ တဖြည်းဖြည်းပျောက်လာတာကြောင့် ဦးရွှေအောင်တို့ဟာ ၂ဝ၁၅ မှာ မိုးယွင်းကြီးအင်း အုပ်ချုပ်ရေးစီမံချက်နဲ့ ကြာပင်နှစ်ဧကနီးပါးကို နုတ်ပြီး ဗွက်မထမယ့် နေရာ၊ လှိုင်းငြိမ်မယ့်နေရာမှာ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သူက ဆိုပါတယ်။

”လှိုင်း၊ လေကြမ်းတော့ (စိုက်လို့)မရဘူး”လို့ သူက ဆက် ပြောပါတယ်။

မိုးယွင်းကြီးအင်းထဲက ဒိုက်၊ မြက်နဲ့ ကြာတွေ ပျက်စီးသွားရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အင်းထဲကို ကျွဲတွေ လွှတ်တာကြောင့်လို့ ပျဉ်ပုံကြီးကျေးရွာမှာနေပြီး အင်းကြီးအနီး ဘဲမွေးမြူရေးနဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ ဦးလှကြည်က ဆိုပါတယ်။

မိုးရာသီမှာဆိုရင် မိုးယွင်းကြီးအင်း အနီးဝန်းကျင်က ရွာတွေမှာ မျှော့တွေကို ဝယ်ယူတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ ကျွဲတွေကို အင်းထဲမောင်းချပြီး မျှော့တွယ်စေပါတယ်။ ပြီးတဲ့အခါ ကျွဲမှာ တွယ်ကပ်လာတဲ့ မျှော့တွေကို ဖမ်းယူပြီး ပြန်လည် ရောင်းချတဲ့အလုပ်ကို လုပ်နေကြတာကြောင့်လည်း ဒိုက်တွေ၊ မြက်တွေနဲ့ ကြာပင်တွေ ပျက်စီးလာရတာလို့ သူက ရှင်းပြပါတယ်။

အင်းထဲက ဒိုက်တွေ၊ မြက်တွေနဲ့ ကြာပင်တွေ ပျောက်လာရခြင်းအကြောင်းကို မိုးယွင်းကြီးဘေးမဲ့တောရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုကို မေးမြန်းကြည့်တဲ့အခါ သူက ကြာကုန်တာဟာ ခရုကိုက်လို့ဖြစ်ပေမယ့် ဒိုက်တွေ လျော့ပါးလာတာတော့”တိတိကျကျ မသိဘူး” လို့ ဖြေကြားပါတယ်။

ယခင်က ဒိုက်တွေ၊ မြက်တွေနဲ့ ပြည့်နေတဲ့ မိုးယွင်းကြီးအင်းဟာ လက်ရှိမှာ အင်းကြီးရဲ့ ငါးပုံပုံရင် နှစ်ပုံလောက်ဟာ ရေပြင်ကြီးဖြစ်နေတယ်လို့ သူက ခန့်မှန်းပြောပြပါတယ်။

ဒိုက်တွေကုန်သွားမယ်ဆိုရင် မိုးယွင်းကြီးအင်းက ဘာဖြစ်သွားနိုင်မလဲဆိုတဲ့ မေးခွန်းကို ဒေါ်သင်းသင်းယုက အခုလို ပြန်ဖြေပါတယ်။

”ဒုံ(ဒိုက်)တစ်ခုမရှိတာနဲ့ ဒီဟာကြီးက ပျက်သွားမယ်ဆိုတာကြီးက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စ။ သယံဇာတကလည်း ပေါနေသေးတာပဲ။ ငါးဆိုလည်း ငါးတွေပေါလို့ ငှက်ကျတယ်။ ငှက်တွေ ပေါတယ်ဆိုတာကလည်း ဒီမှာ အစာရေစာပေါလို့ပေါ့”

ရန်ကုန်တက္ကသိုလ်က ကထိက ဦးထွန်းထွန်းမြင့်က လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို မထိန်းသိမ်းဘူးဆိုရင်တော့ အင်းထဲမှာရှိတဲ့ ကြာပင်တွေ၊ မြက်ပင်တွေ၊ ဒိုက်ပင်တွေဟာ”ကုန်သွားမှာ”လို့ မှတ်ချက်ပြုပါတယ်။

အဲဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ”ဆောင်းခိုငှက်တွေလည်း လာတော့မှာမဟုတ်ဘူး”လို့ ဦးထွန်းထွန်းမြင့်က သတိ ပေးပါတယ်။

အခုဆို ကမ္ဘာ့ ရှားပါးဆောင်းခိုငှက်မျိုးဖြစ်တဲ့ ရေဘဲခေါင်းစိမ်းတစ်မျိုးဟာ အင်းကို မလာတော့ဘူးလို့ ဒေါ်သီရိဒေဝီအောင်က ပြောပါတယ်။ အဲဒီဆောင်းခိုငှက်တွေဟာ ကမ္ဘာပေါ်မှာ အကောင်ရေ ၁၅ဝ ကနေ ၇ဝဝ လောက်သာ ရှိတော့တဲ့အတွက် အချိန်မီထိန်းသိမ်းဖို့ လိုအပ်နေတာဖြစ်တယ်လို့  ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်းရဲ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

မိုးယွင်းကြီးအင်း (Photo: Banyar Kyaw)

ဘယ်လိုထိန်းသိမ်းမလဲ

မိုးယွင်းကြီးအင်း ဘေးမဲ့တောရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက အထက်ပါအခြေအနေတွေကို ထိန်းသိမ်းဖို့ အခုနှစ်က စတင်ပြီး မိုးယွင်းကြီးဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ကို ရေးဆွဲအသုံးပြုပြီး အင်းကို ထိန်းသိမ်းသွားမယ်လို့ မော်ကွန်းကို ပြောပါတယ်။

စီမံချက်မူကြမ်း ရေးဆွဲရာမှာတော့ Ramsar Site ကျွမ်းကျင်တဲ့ နော်ဝေနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (Norwegian Environmental Agency -NEA) နဲ့ ရေးဆွဲထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီစီမံချက်အရ အင်းထဲမှာ ငှက်နဲ့ ငါးတွေ ဖမ်းဆီးခွင့် တားမြစ်ဇုန်၊ သွားလာရေးဇုန်နဲ့ ရေရှည်အသုံးချနိုင်ရေးဇုန်ဆိုပြီး ဇုန်သုံးဇုန် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အင်းကို ဇုန်အလိုက် ခွဲခြားသတ်မှတ်ထိန်းသိမ်းခြင်းကြောင့် ငှက်နဲ့ ငါးများ ဖမ်းဆီးခွင့်တားမြစ်ဇုန်ထဲက ”ငါးတွေ ရော၊ ဒိုက်တွေပါ သူ့အလိုလို ပွားသွားမှာ”လို့ ဒေါ်သင်းသင်းယုက သူ့အမြင်ကို ပြောပါတယ်။

စီမံချက်မူကြမ်းကို သစ်တောဦးစီးဌာနထံ တင်ပြထားပြီး ခွင့်ပြုချက်ရပါက အင်းနဲ့ သက်ဆိုင်နေတဲ့ ငါးလုပ်ငန်းဦးစီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့ထံ တင်ပြပြီး ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကို ဒေသခံတွေကို ချပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အင်းထဲမှာငါး အလွန်အကျွံ ဖမ်းဆီးခြင်း၊ ငှက်ဖမ်းဆီးခြင်းတို့ကို တားမြစ်ထားပြီး ငါးစာရင်း၊ ငှက်စာရင်းပြုစုခြင်းတို့ကို လစဉ်ကောက်ယူတယ်လို့ သူက ဆိုပါတယ်။

သူတို့အနေနဲ့ အင်းထဲ သွားလာရင်း ခရုဥတွေ တွေ့ရင်တွေ့သလို  သတ်လိုက်တာမျိုးတွေ ရှိပေမယ့် လက်ရှိ ဝန်ထမ်းအင်အားနည်းတာကြောင့် ခရုတွေကို မထိန်းချုပ်နိုင်ဘူးလို့ မော်ကွန်းကို ပြောပါတယ်။

အင်းထဲမှာ လက်တလောကြုံတွေ့နေရတဲ့ ခရုပြဿနာကို နှိမ်နင်းဖို့ အစီအစဉ်ရှိလားလို့ မေးကြည့်တဲ့အခါ ”ခရုတွေကို နှိမ်နင်းတဲ့ အစီအစဉ် မရှိဘူး”လို့ ဒေါ်သင်းသင်းယုက ပြောပါတယ်။

ဒေါ်သီရိဒေဝီအောင်ကတော့ အင်းကြီးထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သစ်တောမှာ အဓိက တာဝန်ရှိတယ်ဆိုပေမယ့် အဲဒီဌာနတစ်ခုတည်းကပဲ Master Management Plan ကို ရေးဆွဲ သင့်တာမဟုတ်ဘဲ ဆည်မြောင်း၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းတို့ပါ ပူးပေါင်းပြီး တိတိကျကျ ရေးဆွဲသင့်တယ်လို့ သူက ဆိုပါတယ်။

အင်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ”သစ်တော (ဌာန) တစ်ခုတည်းက လုပ်နေတာမရဘူး၊ အောင်မြင်ဖို့ ထိရောက်မှုလည်း အားနည်းတာပေါ့”လို့ သူက ဆိုပါတယ်။

စီမံချက်ရေးဆွဲတဲ့အခါမှာလည်း ဆည်မြောင်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးစတဲ့ ဌာနတွေနဲ့ အစည်းအဝေးလုပ်ကာ ဒေသခံတွေကို မြို့နယ်အလိုက်ကော်မတီ၊ ကျေးရွာအဆင့်ကော်မတီတွေ ဖွဲ့စည်းပြီး အကြံဉာဏ်တွေ တောင်းယူသင့်တယ်လို့ သူက ဆိုပါတယ်။

အုပ်ချုပ်မှုစီမံချက်ကို ရေးဆွဲပြီး လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာလည်း အောင်မြင်မှု ရှိ၊ မရှိ ဆိုတာကို လေ့လာ ဆန်းစစ်တာမျိုးတွေ လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

အဲဒီလို ထိန်းသိမ်းဆောင်ရွက်တာတွေ မရှိရင်တော့ အင်းရဲ့ အရည်အသွေးတွေက ဆက်တိုက်ကျဆင်းမှာဖြစ်ပြီး ဆောင်း ခိုငှက်တွေလည်း လာတော့မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ပြီးတော့ သူက အခုလို မှတ်ချက်ပြုလိုက်ပါတယ်။

”လူတွေရဲ့ စားဝတ်နေရေးအတွက် သတိပေးနေပြီ၊ ဒီအင်းကို မှီခိုနေတဲ့ လယ်သမားတွေ၊ တံငါသည်တွေ တစ်နေရာကို ရွှေ့ဖို့ ဒါဟာ အချက်ပြပဲ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."