ကျွန်းဦး
မွန်းတည့်ချိန်ဖြစ်နေသည့်တိုင် မြစိမ်းရောင်ယာခင်းများပေါ်က ဖြတ်တိုက်လာသောလေများက အေးမြလတ်ဆတ်နေ သည်။ အစိမ်းရင့်ရင့်ဝါးရုံပင်အုပ်တွေနှင့် စိမ်းမြမြစားကျက်မြေများကိုလည်း ဟိုနား၊ဒီနားတွေ့နေရသည်။ ပူပြင်းလှပါသည်ဆိုသောအညာနွေသည်ပင် ဤနေရာတွင်အားလျော့လို့နေပါသည်။
ဤဒေသရှိတောင်သူများအဖို့ ယခုလိုအခြေအနေက အိပ်မက်တစ်ခုမက်နေရသလို။ သူတို့တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော စပါးဆိုသည့်သီးနှံကိုလည်းစိုက်ပျိုးနိုင်ကြပြီ။ စပါးအပြင် ကိုယ့်ဒေသနှင့်ကိုက်ညီသည့် ပဲ၊နှမ်း၊ပြောင်းကဲ့သို့သော ယာသီးနှံများကိုလည်း တစ်နှစ်နှစ်သီးမှ သုံးသီးအထိ စိုက်နိုင်ကြပြီဖြစ်သည်။
ဤနေရာက ရာသီဥတုကောင်းမွန်ပြီး မိုးမှန်သောနေရာမဟုတ်။ မျိုးစေ့ကျရာအပင်သန်သော၊ မြေဆီမြေနှစ်ကောင်း မွန်သောနေရာလည်းမဟုတ်သည့်အပြင် အမြဲလိုလိုပူပြင်းခြောက်သွေ့နေသည့် နေရာတစ်ခုဖြစ်သည်။ မြေတွေက လည်း သဲဆန်ဖုန်ထူသောမြေများဖြစ်သည်။
ထိုနေရာကား မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါဝင်သည့် မြင်းခြံမြို့နယ်ထဲက နေရာတစ်ခုဖြစ်သည်။ အတိအ ကျဆိုရလျှင် မြင်းခြံမြို့မှ ဆိုင်ကယ်နှင့်တစ်နာရီခန့်သွားလျှင် ရောက်နိုင်သည့် ကျွန်းဦးကျေးရွာအနီးတဝိုက်ဖြစ်သည်။ ထိုရွာ၏ အနောက်ဘက် ၁၅ မိနစ်လောက် လမ်းလျှောက်သွားလျှင်ရောက်နိုင်သည့် နေရာတွင်တော့ ဧရာဝတီမြစ်ကြီးက တသွင်သွင်စီးဆင်းနေသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးမြစ်ကြီးနှင့် မဝေးကွာလှသော်လည်း ကျွန်းဦးရွာသားများအဖို့ ယခင်တုန်းက နွေရာသီရောက်ပြီဆို လျှင် စိုက်ပျိုးရေအသာထား၊ သောက်ရေတောင်ခက်ခဲခဲ့သည့် အခြေအနေဟု ထိုရွာမှ အသက် ၅၃ နှစ်အရွယ်တောင်သူ ဦးအောင်ခင်မြင့်က ဆိုသည်။
ဤဒေသ ယခုလိုစိမ်းလန်းစိုပြေနေသည်မှာ လွန်ခဲ့သောရှစ်နှစ်လောက်ကတည်းက တည်ရှိလာခဲ့သော ဆိတ်ညံမြစ်ရေတင်စီမံကိန်းကြောင့် ဖြစ်သည်။
ကျွန်းဦးရွာကဲ့သို့ အပူပိုင်းဇုန်တစ်ခွင်လုံးပြန်လည်စိမ်းလန်းစိုပြေစေရေးနှင့် တောင်သူများ လုပ်ငန်းခွင်အဆင်ပြေစေရေး အပူပိုင်းဇုန်ကို မြောက်မှတောင်အတိုင်း ခါးလယ်ကနေဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ကြီးကို အသုံးချပြီး ရေကို စနစ်တကျ စီမံခန့်ခွဲနိုင်လျှင်ဖြစ်နိုင်သည်ဟု ပညာရှင်များက အကြံပြုကြသည်။
ပညာရှင်များအကြံပြုသောစီမံခန့်ခွဲမှုဆိုသည်မှာ ဧရာဝတီမြစ်မှရေများကို ကုန်းပေါ်စုပ်တင်ပြီး လယ်ယာမြေများအား ရေပေးဝေသည့် မြစ်ရေတင်စီမံကိန်းကို အောင်မြင်အောင်လုပ်ဆောင်ရေးကို ဆိုလိုခြင်းဖြစ်သည်။
ထိုနည်းဖြင့် ပူပြင်းခြောက်သွေ့ပြီး ကန္တရတစ်ပိုင်းဖြစ်နေသော အလယ်ပိုင်းဒေသကို အထောက်အကူပြုနိုင်မည်ဟု ပညာ ရှင်များကဆိုသည်။
ကန္တာရတစ်ပိုင်း အပူပိုင်းဇုန်
အပူပိုင်းဇုန်တွင် အဓိကစိုက်ပျိုးကြသော သီးနှံများက နှမ်း၊ နေကြာ၊ ပြောင်း၊ ဝါ၊ ငရုတ်နှင့် ပဲမျိုးစုံတို့ဖြစ်ပြီး ဆည်ရေ သောက်ဧရိယာများ၊ မြစ်ရေတင်စီမံကိန်းရှိသည့်နေရာများနှင့် ဧရာဝတီမြစ်အနီးတွင်သာ စပါးစိုက်ပျိုးကြသည်။
ဆီထွက်သီးနှံဖြစ်ထွန်းသည့်ဒေသဖြစ်သောကြောင့် အညာဒေကို မြန်မာနိုင်ငံ၏ဆီအိုးအဖြစ်လည်း တင်စားကြသည်။ ယနေ့မှာတော့ ထိုဆီအိုးသည် ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ဆီခမ်းရမည့်အခြအနေနှင့် ကြုံတွေ့နေရသည်။
လက်ရှိအပူပိုင်းဇုန်အခြေအနေကား ရာသီဥတုကလည်းမမှန်၊ စိုက်ပျိုးရေးလုပ်ငန်းများကလည်း ယခင်တုန်းကလို မကောင်း တော့သောကြောင့် အလုပ်အကိုင်များလည်းရှားပါးလာပြီး အခြားအရပ်ဒေသများသို့ ရေကြည်ရာမြက်နုရာရွှေ့ပြောင်း လုပ် ကိုင်ကြသူများလာသည်ဟု ဒေသခံများက ပြောပြကြသည်။
မြင်းခြံမြို့နယ်အပါအဝင် မြန်မာနိုင်ငံဧရိယာ၏ ၁၃ ရာခိုင်နှုန်းရှိသော အပူပိုင်းဇုန်သည် ပူပြင်းခြောက်သွေ့သော ဒေသ ဖြစ်သည်။ အပူပိုင်းဇုန်ဧရိယာသည် ၂၆,၁၃၉ စတုရန်းမိုင်ကျယ်ဝန်းပြီး ခရိုင်အားဖြင့် ၁၃ခရိုင်၊ မြို့နယ်အားဖြင့် ၅၄ မြို့နယ် ပါဝင်သည်ဟု အပူပိုင်းဇုန်စိမ်းလန်းစိုပြေရေး(စိမ်းစို)ဌာနမှ စာရင်းဇယားများကဆိုသည်။
အပူပိုင်းဒေသတွင် မန္တလေးတိုင်းဒေသကြီးထဲမှ ၆၈ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးမှ ၅၆ ရာခိုင်နှုန်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးထဲမှ ၂၀ ရာခိုင်နှုန်းပါဝင်သည်ဟု စိမ်းစိုဌာနကဆိုသည်။ အပူပိုင်းဇုန်ရှိအချို့နေရာများတွင် နှစ်စဉ်နီးပါး မိုးခေါင်ကာ အချို့နေရာများတွင်တော့ လေး၊ ငါးနှစ်လျှင် တစ်ကြိမ်နှုန်းလောက်မိုးခေါင်လေ့ရှိသည်ဟု စိမ်းစိုဌာနက ဆိုပါသည်။ မိုးရေရရှိမှုမှာလည်း အခြားဒေသများနှင့်ယှဉ်လျှင် နည်းပါးသည်ကိုတွေ့ရသည်။
အပူပိုင်းဇုန်တွင် တစ်နိုင်ငံလုံး စိုက်ပျိုးမြေအားလုံး၏ ၃၅ ရာခိုင်နှုန်းရှိသော်လည်း မိုးရေရရှိမှုက တစ်နိုင်ငံလုံး မိုးရွာသွန်းမှု၏ ၃ ဒသမ ၂ ရာခိုင်နှုန်းသာရှိသည်ဟု “ရာသီဥတုအပြောင်းအလဲများကြား တောင်သူများ၏ အကာအကွယ်မဲ့မှု – မြန်မာနိုင်ငံ အပူပိုင်းဇုန်ကို လေ့လာခြင်း” စာတမ်းတွင်ဖော်ပြထားသည်။ အပူပိုင်းဒေသ၏ နှစ်စဉ် မိုးရေချိန်မှာ ၂၉ ဒသမ ၅ လက်မ လောက်သာရှိကာ မိုးရွာရက်မှာလည်း ၆၂ ရက်နဲ့ ၄၁ ရက်ကြားသာရှိသည်ဟု အဆိုပါစစ်တမ်းကဆိုပါသည်။
၅၁ သန်းရှိသော မြန်မာနိုင်ငံလူဦးရေ၏ ၄ ပုံ ၁ ပုံ နေထိုင်သော အပူပိုင်းဇုန်ဧရိယာသည် သစ်တောပြုန်းတီးမှု၊ တစ်နှစ် ထက်တစ်နှစ် အပူချိန်မြင့်တက်လာမှု၊ ရာသီဥတုဆိုးရွားလာမှုတို့ကို ကြုံတွေ့နေရပြီး အချို့ယာခင်းများသည် မြေဆီ လွှာကုန်ခန်းသွားကာ စိုက်ပျိုးမြေအဖြစ် သုံးမရတော့အောင် ဖြစ်လာခြင်းတို့ကြောင့် ကန္တာရဆန်လာသည်ဟု ပညာရှင် များက ထောက်ပြကြသည်။ အကျိုးဆက်အနေဖြင့် ဒေသခံတောင်သူများ စားနပ်ရိက္ခာကြပ်တည်းလာကြသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program – WFP)၊ Save the Children နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ၂၀၁၄ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအဆိုအရ အပူပိုင်းဒေသရှိ အိမ်ထောင်စုငါးစုတွင် တစ်စုနှုန်းလောက် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည်ဟုဆိုပါသည်။
နွေရာသီတွင် အပူဆုံးအချိန်သည် တန်ခူး(ဧပြီ)၊ ကဆုန်(မတ်)လများဖြစ်ပြီး ထိုအချိန်တွင် ရေတွင်းရေကန်များလည်း ရေခန်းတတ်ကာ အပူချိန် ၄၃ ဒီဂရီဆဲလ်စီယပ်အထိမြင့်တတ်လေ့ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသော“မြန်မာနိုင်ငံအလယ်ပိုင်းမိုးခေါင်မှုအခြေအနေများနှင့် စီမံခန့်ခွဲရေးစာတမ်း”တွင်ဖော်ပြထားသည်။
၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)တွင် ပါရှိမည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန်နှင့် မင်းလွင်ရေးသည်။

