ဦးနင်းပဲ့ထောင် မူဝါဒများနှင့် ရန်ကုန်တိုင်း အစိုးရ

ဦးနင်းပဲ့ထောင် မူဝါဒများနှင့် ရန်ကုန်တိုင်း အစိုးရ

ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

ဖီးကြမ်းငှက်ပျောသီးအဖီးနှစ်ဆယ်ခန့်၏ အလေးချိန် ကြောင့် အိကျနေသည့် ဆိုင်းထမ်းနောက်တွင် ထိုင်နေ သည့် ဦးစိန်မန်း တစ်ယောက် ဟိုဒီငေးမောလိုက်၊ တစ်ခါ တစ်ခါ ဆိုင်းထမ်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် ဖြင့် ဝယ်သူကိုစောင့်မျှော်နေ၏။ ဈေးစခင်းပြီး တစ်နာရီ ကျော်        ကြာလာသည်အထိ ငှက်ပျောသီးတစ်လုံးမျှ ရောင်းမထွက်သေး။

ဦးစိန်မန်းဈေးရောင်းသက်မှာ နှစ်နှစ်ဆယ်ကျော်ပြီ။ ယခင်က သိမ်ကြီးဈေးတစ်ဝိုက်တွင် ရောင်းခဲ့သည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်က ရန်ကုန်မြို့တွင်း ယာဉ်အသွား အလာ၊ လူအသွားအလာ အနှောင့်အယှက်မဖြစ်စေရန် ရည်ရွယ် ၍ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ် များကို နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ ဈေးမရောင်းရနေရာများအဖြစ်သတ်မှတ်ပြီး လမ်းဘေးဈေးသည်များကို ကမ်းနားလမ်း ညဈေးသို့ ပြောင်းရွှေ့နေရာချလိုက်သည်။ သို့သော် ယခင်နေရာ နှင့်စာလျှင် နေရာသစ်သည် လူသွားလူလာနည်းပါးသဖြင့် ဈေး ရောင်း မကောင်းဟု သူကဆိုသည်။

”နဂိုကတည်းက ဈေးရောင်းရတာ ဒုက္ခရောက်နေပါတယ် ဆိုမှ အခု(နေရာရွှေ့လိုက်)တော့ ပိုဆိုးပြီပေါ့။ စားဝတ်နေရေး လုပ်ရတာ မလွယ်တော့ဘူး”ဟု အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် ဦးစိန်မန်းက ညည်းတွားသည်။

ယခင် သိမ်ကြီးဈေးတစ်ဝိုက်တွင် ရောင်းစဉ်က တစ်ရက် လျှင် ငွေကျပ်ခြောက်သောင်းဖိုးခန့်ရောင်းရသော်လည်း ယခုမူ ”ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ် သက်တမ်းကိုးလ တာအတွင်း လမ်းဘေးဈေးသည်များနေရာပြောင်းရွှေ့ချထား ခြင်း အပါအဝင် အခြားသော ပြည်သူ့ရေးရာမူဝါဒများကို ဆုံး ဖြတ်ချမှတ်ခဲ့သော်လည်း ပြဿ       နာအများစုမှာ ပြေလည်သွား ခြင်းမရှိဟု မူဝါဒဆိုင်ရာလေ့လာသုံးသပ်သူများက ဝေဖန်ကြ သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အစိုးရအဖွဲ့၏ မူဝါဒချမှတ်အကောင် ထည်ဖော်ခြင်းဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူ့ရေးရာမူဝါဒချမှတ်ခြင်းဆိုင်ရာ နည်းနာများဖြစ်သည့် ဦးစားပေးဖြေရှင်းရ မည့် ပြဿ       နာများကို သတ်မှတ်ရွေးချယ်ခြင်း၊ ပြဿ       နာတွင် ပါ ဝင်ပတ် သက်နေသည့် ပြည်သူများ၊ သက်ဆိုင်ရာပညာရှင်များနှင့် တိုင်ပင်ကာ     အကြံဉာဏ် ရယူခြင်းများ အားနည်းနေသည်ကို တွေ့ရကြောင်း ပြည်သူ့ရေးရာမူဝါဒဆိုင်ရာပညာရှင်များက သုံးသပ်ကြသည်။

”အစိုးရက ဘာလုပ်မယ်ဆိုတာ ပြည်သူတွေကို ပြန်ကြားဖို့ လိုတယ်”ဟု မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (မြန်မာ နိုင်ငံ) မှ သင်တန်းဆိုင်ရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက မော် ကွန်းကို ပြောသည်။ ချမှတ်ထားသည့် မူဝါဒများကို ပြန်လည်သုံး သပ်ခြင်းလည်း        အားနည်းကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ရေးရာမူဝါဒဆိုသည်မှာ

ပညာရှင်များ၏အဆိုအရ မူဝါဒချမှတ်ခြင်းမှာ ပြဿ       နာကို ဖြေရှင်းခြင်းဖြစ်သည်။ ပြည်သူ့ရေးရာ မူဝါဒချမှတ်ခြင်း ဆိုသည် မှာလည်း အစိုးရတစ်ရပ်က ပြည်သူကိုယ်စား တစ်စုံတစ်ရာကို လုပ်ရန် (သို့မဟုတ်) မလုပ်ရန် ဆုံးဖြတ်ခြင်း၊ လုပ်ခြင်း (သို့ မဟုတ်) မလုပ်ခြင်းစသည့် အပြုအမူအားလုံးကိုခေါ်ဆိုကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခသောမတ်ဒိုင်းမ် (Thomas R.Dye) က အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် နိုင်ငံ့ အာဏာများကို ရွေးကောက်ပွဲများမှတစ်ဆင့် နှင်းအပ်ခံရသည့် အစိုးရများသည် ပြည်သူ့ရေးရာမူဝါဒများအား ပွင့်လင်းမြင်သာ ထိရောက်စွာ အကောင်အထည်ဖော်ပေးကြရန် တာဝန်ရှိသည်ဟု ပညာရှင်များက ပြောသည်။

ထိုသို့အကောင်အထည်ဖော်ရာတွင် မူဝါဒချမှတ်ခြင်းစက် ဝိုင်း (Policy Cycle)ကို လမ်းညွှန်မြေပုံအဖြစ် အသုံးပြု အကောင် အထည်ဖော်ကြရကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ဆောင်ရွက်ချက်များအား စောင့်ကြည့်နေသော လောကအလင်းအဖွဲ့မှ စီမံကိန်းညွှန်        ကြားရေးမှူး ဦးကျော်စွာ ဆွေက ရှင်းပြသည်။

ယင်းမူဝါဒစက်ဝိုင်းတွင် ယေဘုယျအားဖြင့် အောက်ပါ အဆင့်များပါဝင်သည်။ ပြဿ       နာကို သိနားလည်အောင် ကြိုးစား ခြင်း(Problem Definition)၊ ပြဿ       နာဖြေရှင်းရန် အစီအစဉ် ဆွဲခြင်း(Agenda Setting)၊ ဖြေရှင်းရန် စနစ်တကျ အစီအမံ လုပ်ခြင်း(Policy Formulation)၊ လက်တွေ့ အကောင်အထည် ဖော်ခြင်း (Implementation)၊ မူလရည်မှန်းချက်အောင်မြင်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ခြင်း(Evaluation)စသည့်အဆင့်များ ဖြစ်သည်။

စက်ဝိုင်းအရ အစိုးရသည် မူဝါဒများ၊ ဆုံးဖြတ်ချက်များ မချမှတ်မီ ပြဿ       နာနှင့် ပတ်သက်သည့်စစ်တမ်းများ၊ သုတေသန များ လုံလောက်စွာပြုလုပ်ရန် လိုအပ်သည်။ လူထုသဘောထား များ၊ ပညာရှင်မှတ်ချက်များကိုလည်း အလေးထား နားထောင် ခြင်းဖြင့် ၎င်းတို့အား မူဝါဒချမှတ်ရာတွင် မဖြစ်မနေ ပါဝင်ခွင့်ပေး ရန် လိုအပ်သည်ဟု ဦးကျော်စွာဆွေက ရှင်းပြသည်။ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုးလတာ ဆောင်ရွက်မှု များတွင် အထက်ပါ မူဝါဒစက်ဝိုင်းအဆင့်များအတိုင်း အကောင် အထည်ဖော်ရာတွင် အားနည်းခဲ့ကြောင်း သူက ရှင်းပြသည်။

”ပြန်သုံးသပ်တာတောင် မလုပ်ရသေးဘူး။ လက်တွေ့ အကောင်အထည်ဖော်တဲ့အဆင့်မှာတင် ဒုက္ခတွေရောက်နေ တယ်”ဟု သူက ထောက်ပြသည်။

လက်ရှိရန်ကုန်တိုင်းအစိုးရ၏မူဝါဒစက်ဝိုင်းများမှာ တစ် ပတ်ပြည့်အောင်ပင် မလည်နိုင်ခဲ့ဘဲ နဂိုပြဿ       နာနှင့်ဆက်စပ် သည့် ပြဿ       နာသစ်များအဖြစ်သို့ ရောက်သွားသည်များကို တွေ့ နေရကြောင်း ၎င်းက သုံးသပ်သည်။

ရန်ကုန်မြို့မှ ပြဿ     နာများ
ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်လက်ထက် ဆောင်ရွက် သည့်ကိစ္စများအနက် ထင်ရှားသည့်ကိစ္စများမှာ လမ်းဘေး ဈေး သည်ကိစ္စအပြင် အစိုးရတက်ခါစက အမှိုက်ကောက်ခြင်း၊ ကွမ်း စားခြင်းနှင့် ကွမ်းတံတွေးထွေးမှု ကျဆင်းပပျောက်ရေး ဆောင် ရွက်ခြင်း၊ ကာရာအိုကေခန်းများ၊ အနှိပ်ခန်းများအား ကိုင်တွယ် ဖြေရှင်းရန် ပြောဆိုခြင်း၊ ကျူးကျော်ပြဿ       နာအား ဖြေရှင်းရန် ဝန်ကြီးချုပ်က ကတိပေးပြောဆိုထားခြင်း၊ ရန်ကုန်တွင် အထပ် မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကိုပိတ်ပင်ပြီးမှ ပြန် လည်ဖွင့်ပေးလိုက်ခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်း ရန် ကုန်သေတ္တာတင်ယာဉ်များအား အချိန်ကန့်သတ်မောင်းနှင် စေခြင်း စသည်တို့ ဖြစ်ကြသည်။

ကွမ်းစားခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှု ကျ ဆင်းပပျောက်ရေးဆိုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန် ကြားချက်အရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ယင်း ကိစ္စအား အရေးယူဆောင်ရွက်နေခြင်း မတွေ့ရတော့သလို ကွမ်း စားသုံးမှုနှင့် ကွမ်းတံတွေးထွေးမှုမှာလည်း ယခင်အတိုင်း တွေ့နေ ရဆဲဖြစ်သည်။

မေ ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လည်း ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကာရာအို ကေဆိုင်များ၊ အနှိပ်ခန်းများအား အရေးယူပြီး ”တိတိကျကျ ပုံစံ ချပေးသွားမယ်” ဟု ပြောဆိုခဲ့သည်။

”ဒီလုပ်ငန်းတွေကို လုပ်တဲ့သူတွေက ဒါတွေဟာ ငါတို့ မလုပ်သင့်တော့ဘူးလို့ သူတို့ကိုယ်သူတို့ သိသွားအောင် ကျွန် တော်တို့က စပြီး အသိပေးမှာ။ အသိပေးလို့မှ မလိုက်နာဘူးဆိုရင် တော့ ကျွန်တော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်”ဟု သူက ပြောကြားခဲ့သည်။ သို့သော် အဆိုပါလုပ်ငန်း များမှာ ယခင်အတိုင်း ရှိနေကြဆဲ ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင် သူများအား စာရင်းကောက်ယူပြီး ကျူးကျော်မှတ်ပုံတင်ကတ် များ ထုတ်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက မေ ၂၅ ရက်တွင် ကတိပေးပြောဆိုခဲ့သည်။

အစိုးရ၏ကတိစကားအတိုင်း ကျူးကျော်များအား နေရာ ချထားမည်ကို စောင့်မျှော်နေသူများထဲတွင် ဒလ-ခနောင်လမ်းမ ကြီးဘေးရှိ ဝါးခင်းဓနိမိုးကျူးကျော်တဲတွင် နေထိုင်သည့် ဦးချစ် သန်းနှင့် ဒေါ်ထွေးရီတို့ ဇနီးမောင်နှံလည်း ပါဝင်သည်။

”အစိုးရက (နေစရာ)နေရာလေးပေးရင်တော့ ပျော်စရာ ပေါ့။ ကျောခင်းစရာနေရာလည်း ရမယ်ဆိုရင်တော့ ကောင်းတာ ပေါ့”ဟု ဦးချစ်သန်းက ဆိုသည်။

သို့သော်လက်ရှိတွင် သူတို့မျှော်လင့်သလို ကျုးကျော် စာရင်းကောက်သူများ ရောက်မလာသေးဘဲ ကျူးကျော်များအား ဖယ်ရှားကြမည့် အသိပေးသည့်စာများသာ ရောက်လာသည်ဟု စာများကိုထုတ်ပြရင်း ဦးချစ်သန်းကပြောသည်။ သူတို့မှာ သား သမီးငါးယောက်ရှိပြီး ရေထမ်းရောင်းကာ အသက်မွေးရသဖြင့် အိမ်ငှားနေထိုင်ရန် မတတ်နိုင်ဟု အသားမာများတက်နေသည့်ပခုံးကိုပြရင်း ၎င်းက ဆိုသည်။

ဦးချစ်သန်းတို့ မိသားစုသည် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဓနုံးဆိပ်ကျေးရွာမှ ဖြစ်သည်။ ယခင် နေထိုင်ခဲ့သည့် အိမ်ကို မိထွေးက ရောင်းချလိုက်ရာ နေစရာ မရှိတော့သဖြင့် ဒလသို့ ပြောင်းလာခြင်းဖြစ်သည်။ ဤနေရာတွင် တဲထိုးနေသည်မှာ ၁၁ လ ကြာခဲ့ပြီ။

ရွာပြန်ရန်လည်း စရိတ်မတတ်နိုင်သဖြင့် ၎င်းတို့နေထိုင် သည့် အိမ်အား ”ဘူဒိုဇာနဲ့ လာကုတ်သွားရင်လည်း ထိုင်ကြည့် နေရုံပဲ”ဟု သူက ဆိုသည်။ ၎င်း၏ဇနီး ဒေါ်ထွေးရီကတော့ တဲ ဖယ်ရှားခံရလျှင် တဲနောက်ဘက်ရှိ မြေကွက်လပ်တွင် တစ်မိသားစု လုံး စုပြုံနေထိုင်ရန် စိတ်ကူးထားသည်ဟု ဆိုသည်။ သူတို့တဲ နောက်ဘက်မှာတော့ ဒီရေအနည်းငယ်တက်ကာ ဗွက်ထနေပြီး အမှိုက်သရိုက်များဖြင့် ရှုပ်ပွနေသည်။ သူတို့နေထိုင်သည့်နေရာ တွင် ကျူးကျော်တဲတစ်ရာခန့်ရှိသည်။

ဝန်ကြီးချုပ်ကကတိပေးပြောဆိုပြီး ခုနစ်လခန့်အကြာ ယခုအချိန်တွင် ကျူးကျော်များအား မြို့နယ်တစ်ဒါဇင်ခန့်တွင် စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း ၎င်းတို့ အား မည်သို့နေရာချထားမည်ကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိ သေးပေ။

ကျူးကျော်ဖယ်ရှားရေးကိစ္စရပ်များဖြေရှင်းရန်ကြိုးစား သည့်နည်းတူ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် ဒီဇင်ဘာ ၈ ရက်ကလည်း ရန်ကုန်မြို့လမ်းမပေါ်တွင် အချိန်ပြည့်သွားလာနေကြသော ကုန်သေတ္တာယာဉ်များကို တိုင်းဒေသကြီးအစိုးရက နေ့အချိန်ဖြတ်သန်းခွင့် ပိတ်ပင် လိုက်သည်။

ယင်းနေ့နံနက်ပိုင်းတွင်ပင် ကမ်းနားလမ်းတစ်လျှောက် ကုန်သေတ္တာတင်ယာဉ်အစီးရေ ရာနှင့်ချီ၍ ပိတ်ဆို့သွားသည့် အပြင် နံနက်ပိုင်းသွားလာနေကြသည့် ယာဉ်များလည်း အချိန် ကြာမြင့်စွာပိတ်ဆို့ခဲ့ရာ ယာဉ်ထိန်းရဲအရာရှိကြီးများကိုယ်တိုင် လာရောက်၍ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းခဲ့ရသည်။

ထိုဖြစ်ရပ်ဖြစ်ပြီးနောက်တွင်မူလအချိန်သတ်မှတ်ချက်ကို ပြောင်းလဲပြီး ဝန်မပါသည့် ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ် များအား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း သွားလာခွင့့်ပြု ကြောင်း ထုတ်ပြန်လိုက်ပြန်သည်။

ကုန်သေတ္တာယာဉ်များ မြို့တွင်းဖြတ်သန်းချိန်ပြောင်းလဲလိုက်သဖြင့် လက်ရှိတွင် ကုန်သေတ္တာယာဉ်များစီးဆင်းမှု နှေး ကွေးသွားသည်ဟု ကုန်သေတ္တာယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးဖိုးကျော်က မော်ကွန်းကိုပြောသည်။ ”ဒီပေါ်လစီတွေကို ဘယ် နည်းနဲ့ဖြစ်ဖြစ်မကြိုက်ဘူး။ ကျွန်တော်တို့နဲ့ ကြိုတင်ညှိနှိုင်းမှုတွေ လည်းမရှိခဲ့ဘူး။ သူတို့(အစိုးရရဲ့) စကားလေးတစ်ခွန်းက ကျွန်တော်တို့ကိုထိခိုက်တယ်”ဟု သူက ဆိုသည်။

မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ သင်တန်းဆိုင်ရာဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း အစိုးရက မူဝါဒစည်းကမ်းသတ်မှတ်ချက်များအား လုံလောက်သည့် ကြို တင်တွက်ဆမှုမရှိဘဲ ထုတ်ပြန်ခြင်း၊ မကြာခဏပြုပြင်နေရခြင်း သည် မူဝါဒတစ်ပြေးညီဖြစ်မှုကို ထိခိုက်စေသည်ဟု ထောက်ပြသည်။

ဈေးသည်များ နေရာချထားသည့် ကိစ္စတွင်လည်း ဈေး သည်များအား မြို့တွင်းလမ်းမများပေါ်မှ ကမ်းနားလမ်းသို့ ရွှေ့ ပြောင်းလိုခြင်းမှာ မူလရည်မှန်းချက်ဖြစ်သော်လည်း ဖြေရှင်း၍ မပြီးခင်မှာပင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဈေး သည်များက ဆိုကြသည်။

မြို့တော်စည်ပင်၊ စီမံရေးရာဌာနက ကောက်ခံထားသည့် စာရင်းများအရ ရန်ကုန်မြို့တွင်း ဈေးသည်ခြောက်ထောင်ကျော် ရှိသော်လည်း နေရာအနေအထားကြောင့် ဈေးသည် ၁,၈ဝဝခန့် (ဈေးသည်အားလုံး၏ သုံးပုံတစ်ပုံခန့်)ကိုသာ နေရာချထားပေး နိုင်သေးကြောင်း မြို့တော်စည်ပင်စီမံရေးရာဌာနမှ အရာရှိတစ်ဦး က မော်ကွန်းကို ပြောသည်။

နေရာမရဘဲ ကျန်ရှိသည့် ဈေးသည်များကိုမူ ”အတွင်း လမ်းများရှိ ပတ်ဝန်းကျင်မှ လက်ခံသည့် သင့်လျော်သောနေရာ များသို့ မိမိတို့အစီအစဉ်ဖြင့် ပြောင်းရွှေ့ရောင်းချကြရန်”ဟု ထုတ်ပြန်ထားသည်။

သို့သော် အတွင်းလမ်းသွယ်များတွင် နေထိုင်သူများက ဈေးသည်များကို လက်မခံကြသဖြင့် ဈေးသည်တချို့မှာ ဈေး ရောင်းရန် နေရာမရှိတော့ကြောင်း မော်ကွန်းက တွေ့ဆုံခဲ့သည့် ဈေးသည်များက ပြောကြသည်။

ကမ်းနားလမ်းညဈေးတွင် ဈေးရောင်းမကောင်းသဖြင့် တချို့ဈေးသည်များမှာ မသွားချင်ကြသော်လည်း သွားမရောင်း ပါက နေရာပြန်သိမ်းခံရသဖြင့် ဈေးသည်များမှာ ညဈေးတွင် ဟန်ပြသွားရောက်ရောင်းချနေကြရကြောင်း သစ်သီးသည် ကိုစိုး မင်းထိုက်က ပြောသည်။

ကိုစိုးမင်းထိုက်မှာ ယခင်က ပန်းဆိုးတန်းရှိ ဘဏ်လမ်း ကြားတွင် လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီးစသည့် သစ်သီးဝလံ များ ရောင်းချသူ ဖြစ်သည်။ ယခင်နေရာတွင် တစ်နေ့ကို လေး သောင်းဖိုးခန့် ရောင်းရသော်လည်း နေရာသစ်တွင် လေး၊ ငါး ထောင်ဖိုးသာ ရောင်းရသည်ဟု သူက ဆိုသည်။

ကိုစိုးမင်းထိုက်တွင် ဇနီးနှင့် မူကြိုအရွယ်သားတစ်ယောက် ရှိသည့်အပြင် နယ်တွင်ရှိသည့် မိဘများကိုပါ ငွေပို့၍ ထောက်ပံ့ နေရသည်ဟု ပြောပြသည်။ ယခင်ရောင်းရစဉ်က မိဘများထံ ငွေ ပို့နိုင်သော်လည်း ယခုအခါ ရွာမှ ငွေနှစ်သိန်းခန့်ပင် လှမ်းချေး ထားရသည်ဟု သူက ရင်ဖွင့်သည်။ ဈေးမရောင်းရသဖြင့် အလုပ် ပြောင်းရန် စဉ်းစားနေပြီဟု သူက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာ ဌာနမှ အရာရှိတစ်ဦးကတော့ ဈေးသည်များ အရောင်းအဝယ် ကောင်းခြင်း၊ မကောင်းခြင်းသည် ¤င်းတို့နှင့် မဆိုင်ဘဲ ဈေးသည် များနှင့်သာဆိုင်သည်ဟု မော်ကွန်းနှင့် တွေ့ဆုံစဉ် မှတ်ချက်ပေးသည်။

ယင်းစီမံကိန်းကို ကျပ်သန်းနှစ်ထောင်ခန့် အကုန်အကျခံ ထားပြီး ရေ၊ လျှပ်စစ်မီးနှင့် လုံခြုံရေးများပါ ပြင်ဆင်ပေးထား ကြောင်း ယင်းအရာရှိက ဆိုသည်။ ”ဈေးသည်တွေကို စည်းမဲ့ ကမ်းမဲ့ ရောင်းနေတဲ့ ဘဝကနေ စည်းကမ်းရှိတဲ့ ဈေးသည်ဘဝကို ဝန်ကြီးချုပ်ရဲ့ ပေါ်လစီက ပြောင်းပေးလိုက်တာပဲ”ဟု ၎င်းက ဆိုသည်။

”အခု ရန်ကုန်မြို့တွင်း လေးမြို့ နယ်မှာ ဈေးသည်ကြောင့် ကားမပိတ် တော့ဘူး။ ကားနှစ်ထပ်ရပ်လို့ ကားကျပ် တာပဲရှိမယ်။ ဒါ ဝန်ကြီးချုပ်လုပ်ပေးတဲ့ ထင်သာမြင်သာတဲ့အချက်ပဲ”ဟု ၎င်း ၏အမြင်ကို ပြောသည်။

လုပ်ငန်းများမစတင်မီက ဈေးသည်များအရေအတွက်ကို နှစ်လခန့် ကြိုတင်စာရင်းကောက်ယူခြင်း ပြုလုပ်ခဲ့ပြီး ”ရော့…အင့်…မင်းဒီနေရာကို ရွှေ့ဆိုပြီး လုပ်လိုက်တာ မဟုတ်ဘူး”ဟု သူက ဆိုသည်။

ဈေးသည်ကိုစိုးမင်းထိုက်ကတော့ ရောင်းရမည့်နေရာ မဲ နှိုက်ရတော့မှ ကမ်းနားလမ်းသို့ ရွှေ့ရမည်ကို သိခဲ့ရကြောင်း ပြော သည်။ အနီးအနားမှ ဈေးသည်တစ်ဦးကလည်း ”အစည်းအဝေး တွေခေါ်ရင်လည်း လူကြီးတွေပြောတာကို နားထောင်ပြီး ပြန်လာ ရတာပဲ”ဟု ဝင်ထောက်ခံသည်။

အကျိုးဆက်

အစိုးရအနေဖြင့် မူဝါဒများ၊ ဆုံးဖြတ်ချက်များချမှတ်ရာ တွင် လက်တွေ့ခံစားနေရသူများ၏အသံကို နားမထောင်ပါက”အဓိကကျတဲ့ ပြဿ       နာမပြေလည်ဘူး”ဟု ဦးအောင်သူငြိမ်းက ပြောပြသည်။

နောက်ပြီး အစိုးရအပေါ် လူထု၏ ယုံကြည်မှုကျဆင်းလာ လိမ့်မည်ဟု သူက ဆိုသည်။ ”ယုံကြည်မှုကျလာရင် ပြည်သူတွေ ဘက်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု နည်းလာတာပေါ့။ ဒီ ထက်ဆိုးလာရင် မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေလည်း ဖြစ်လာ နိုင်တယ်”ဟု သူက သတိပေးသည်။

ဈေးသည်များနေရာချပေးသည့်ကိစ္စတွင်လည်း ဈေးသည် တချို့က မကျေနပ်သဖြင့် ဒီဇင်ဘာလ ၉ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။ ယင်းဆန္ဒပြပွဲ၌ အစိုးရက ဈေး သည်များကို ယခင်နေရာတွင် ပြန်လည်ရောင်းချခွင့်ပြုရန်၊ ည ဈေးတန်းနေရာချထားပေးမှုများအား စိစစ်ပေးရန်၊ ဈေးသည် များ၏ ပစ္စည်းများကို စည်ပင်က ဖမ်းဆီးထိန်းသိမ်းခြင်းများ တားမြစ်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ကျန်ရှိနေသည့်ကာလများတွင် ”ပြည်သူလူထုနဲ့ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်”ဟု ဦးအောင်သူငြိမ်းက အကြံပြုထောက်ပြသည်။

ဦးကျော်စွာဆွေကလည်း ” Policy Making Process (မူဝါဒချမှတ်ခြင်း) တွေကို စနစ်ကျတဲ့ စမတ်ကျတဲ့ပုံစံနဲ့ Run (လုပ်)ဖို့ လိုတယ်။ အချိန်ကိုလည်း ထိုက်သင့်သလောက် ယူဖို့လို တယ်။ ထိုက်သင့်တဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံမှုတွေ၊ အကြံဉာဏ် တောင်းခံမှုတွေကို ပိုလုပ်ဖို့လိုတယ်”ဟု အစိုးရကို အကြံပြုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် ဘဏ္ဍာအရင်းအမြစ်၊ ဝန်ထမ်းအင်အားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်များ အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး နိုင်ငံတကာမှ ဖြေရှင်းပုံဖြေရှင်းနည်းများကို နည်းယူမှီငြမ်းသင့်ကြောင်း ၎င်းက အကြံပေးသည်။

”သက်ဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်တွေကောင်းရင် လက်ရှိ မှာ စီမံခန့်ခွဲမှုနည်းပညာအသစ်တွေတပုံကြီး။ ပြီးတော့ ကိုယ့် (နိုင်ငံ)လိုမျိုး ပြဿ       နာဖြစ်နေတဲ့၊ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေလည်း ရှိ မှာပဲ။ နမူနာယူစရာ အများကြီး။ ကိုယ်တို့က နောက်ဆုံးမှ လာတဲ့ နိုင်ငံ။ အဲဒီတော့ ရှေ့က အတွေ့အကြုံတွေကို အခမဲ့ရတယ်”ဟု သူက ပြောသည်။

ပညာရှင်များ၏ ဝေဖန်ထောက်ပြမှုများ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒချမှတ်ရေးကိစ္စများကို မော်ကွန်း စာဖတ်ပရိသတ်ထံတင်ပြနိုင်ရန် ရန်ကုန်ဒေသကြီး ဝန်ကြီးချုပ် ကို သီးခြားတွေ့ဆုံမေးမြန်းခွင့်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ အစိုးရသက်တမ်းအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များ အရေအတွက်စာရင်းကို သတင်းမီဒီယာနည်းဥပဒေ ၃၁(ဂ)အရ စာရေးသား၍ တောင်းခံခဲ့ပါသည်။

သို့သော် ယခု ဆောင်းပါးတည်းဖြတ်ပြီးချိန် ဇန်နဝါရီ ၄ ရက်အထိ အကြောင်းပြန် ဖြေဆိုခြင်း မရှိသေးပါ။ (သတင်းမီဒီ ယာ နည်းဥပဒေအရ အများပြည်သူသိခွင့်ရှိသော သတင်းအချက် အလက်များအား ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ငြင်းဆန် ခြင်း၊ အချိန်ဆွဲခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပြီး အချက်အလက် များ တောင်းခံသည့်နေ့မှစ၍ အလုပ်လုပ်ရက် ၁၅ ရက်အတွင်း အကြောင်းပြန်ကြားရန် ပြဋ္ဌာန်းထားသည်။)

ဒီဇင်ဘာ ၈ ရက်က မြို့တော်စည်ပင်ကော်မတီခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အကောင် အထည်ဖော်နေသည့် ကိစ္စများနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က မီဒီယာများကို ယခုလို ပြောကြားခဲ့သည်။

”အပြောင်းအလဲရဲ့ နေ့ရက်တိုင်းမှာ ဒီအပြောင်းအလဲကို လိုက်ပါမဆောင်ရွက်ချင်တဲ့ စိန်ခေါ်မှုတွေကတော့ ကြုံနိုင်ပါ တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေတွေကို ဥပဒေနဲ့ ထိန်းလို့ရပါတယ်။ ဥပဒေအရ အရေးယူအပြစ်ပေးမှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒီအခြေအနေတွေအားလုံးဟာ ကျွန်တော်တို့ ရန်ကုန်မြို့ကြီး သာယာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သွားရမှာပဲ ဖြစ် ပါတယ်”

ကမ်းနားလမ်းမှ သစ်သီးသည်တစ်ဦး ။ ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

သို့ရာတွင် အပြောင်းအလဲကိစ္စတွင် ကိုယ်တိုင်ပါဝင်ခံစားနေရသူတချို့ကတော့ နေ့စဉ်စားဝတ်နေရေးပြဿ       နာများကို ခါးစည်းခံရန် ကြိုးစားနေကြရသည်။

ကမ်းနားလမ်းသို့ ပြောင်းရွှေ့ခံရသည့် ဈေးသည် ကိုစိုးမင်း ထိုက်ကတော့ အစိုးရအနေဖြင့် ၎င်းတို့ဘဝအခြေအနေအား ချင့် တွက်ပြီးမှ လုပ်ငန်းများဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။

”ကျွန်တော်တို့ဈေးသည်တွေ ဘဝတွေ၊ ကျွန်တော်တို့ နောက်ခံ(ငွေအင်အား)တောင့်၊ မတောင့် မကြည့်ဘဲ သူတို့လူကြီး တွေ အဲဒီလိုချည်း အလုပ်လုပ်တာ မကောင်းဘူးပေါ့ဗျာ”ဟု တိုး ညင်းသောလေသံဖြင့် ပြောဆိုသည်။

နေဝင်သွားပြီဖြစ်၍ ကိုစိုးမင်းထိုက်တို့ ညဈေးတန်းကြီး သည် ရန်ကုန်မြို့ပြ၏ မာကျူရီမီးရောင်များအောက်သို့ ရောက်ရှိ သွားပြီဖြစ်သည်။ စားသောက်ဆိုင်တန်းဘက်တွင် မေးမြန်းစဉ် အတန်အသင့်ရောင်းချရသည်ဟု ဝက်သားတုတ်ထိုးရောင်းချသူ တချို့က ဖြေကြားကြသည်။

သို့သော် ညဈေးတန်းသို့ လာရောက်သူများသည် သစ်သီး သည်များကို ၎င်းတု့ိနှင့်မသက်ဆိုင်သည့်အလား ကျော်ဖြတ်သွား ကြသည်။

ဈေးသည်ကိုစိုးမင်းထိုက်၏ မလှမ်းမကမ်းမှ ငှက်ပျောသီး သည် ဦးစိန်မန်းလည်း ငုတ်တုတ်ထိုင်နေဆဲ။ ည ခုနစ်နာရီခွဲ သည့်အချိန်အထိ ဦးစိန်မန်း ဈေးဦးမပေါက်သေးပေ။      ။

 

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 

လင်းမြတ်  ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."