ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၂၀ (မော်ကွန်း)
တရုတ်နဲ့ အာဏာသိမ်းစစ်တပ် ဖက်စပ်လုပ်ငန်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းတွေနဲ့ ဆာလဖြူရစ်စက်ရုံတွေကို အလိုမရှိကြောင်း ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်က ဒီကနေ့ ဒေသတွင်းမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီစက်ရုံတွေရဲ့ လုံခြုံရေးကို အကြောင်းပြပြီး အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းမှာ စစ်ကြောင်းထိုး၊ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျူးလွန်နေတာကြောင့် “”ကြေးနီသတ္တုတွင်းအကြောင်းပြု လူသတ်ပွဲတွေလုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ကြတာပါ။
တရုတ်စီမံကိန်းထဲက အာဏာသိမ်းစစ်တပ်ဟာ “ဒီထဲကနေ ထွက်လိုက်ဝင်လိုက်နဲ့ ပြည်သူလူထုကို သတ်ဖြတ်တယ်၊ မီးရှို့တယ်၊ မုဒိန်းကျင့်တယ်၊ ဒီလိုမျိုးဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်၊ အဲဒီအနေအထားမှာ ဒီကုမ္ပဏီတွေ(တရုတ်)အနေနဲ့ စစ်တပ်ကိုထောက်ပံ့ပေးနေတယ်၊ နေရာပေးထားတယ်၊ ဒါကြောင့် စစ်တပ်ကိုအထောက်အပံ့ပေးနေတဲ့ စစ်တပ်နဲ့ပလူးပလဲလုပ်နေပြီး ပုလင်းတူဘူးဆို့လုပ်နေတဲ့ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီကို အခုလို သပိတ်မှောက်ရခြင်းဖြစ်ပါတယ်”လို့ ရွာပေါင်းစုံသပိတ်ကော်မတီ၊ ကော်မတီဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အခုလဆန်းပိုင်းက ဆားလင်းကြီးမြို့မှာရှိတဲ့ ဒီစီမံကိန်းတွေမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့လုပ်နေကျအတိုင်း စစ်ကြောင်းထိုးခဲ့ရာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာက အရပ်သားလေးဦးနဲ့ နေရပ်လိပ်စာမသိရသူတစ်ဦး၊ စုစုပေါင်းငါးဦးတို့ကို ယမားချောင်းထဲကို သတ်ပစ်ကာ ပစ်ချထားခဲ့ပါတယ်။
“ဒီတရုတ်စီမံကိန်းတွေက ပြည်သူတွေကို ဆိုးကျိုးတွေပဲပေးနေပါတယ်။ ဒီမြန်မာယမ်စီ၊ မြန်မာဝမ်ပေါင်၊ ဆာလဖျူရစ်စက်ရုံတွေမှာ စစ်တပ်ဟာ ခြေကုပ်ယူထားတယ်၊ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူတယ်၊ နေအိမ်တွေကိုမီးရှို့တယ်၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်”လို့ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
အခုဆန္ဒပြခံရတဲ့ လုပ်ငန်းသုံးခုကတော့ စစ်တပ်နဲ့ဖက်စပ်အကျိုးတူ ကြေးနီစီမံကိန်းတွေဖြစ်တဲ့ မြန်မာဝမ်ပေါင်၊ မြန်မာယမ်စီနဲ့ မိုးကြိုးဆာလဖျူရစ်စက်ရုံတွေဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အဆိုပါစီမံကိန်းတွေမှာ အထိုင်ချပြီး စီမံကိန်းတွေနဲ့နီးစပ်တဲ့ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ အမြဲလိုလို စစ်ရှောင်ဖို့ပြင်ဆင်ထားကြရပါတယ်။
#Dailynews

