ရန်ကုန်-၂၀၂၄ ဧပြီ ၁၃ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့ကို ရန်ကုန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွေက လုံခြုံရေးအထူးတင်းကြပ်ပြီးကျင်းပနေပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံဘေးနဲ့ ပြည်သူ့ရင်ပြင်မှာတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ကျင်းပနေပါတယ်။
အဲဒီနေရာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အရပ်ဝတ်လုံခြုံရေးတွေချထားပြီး အဝင်အထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။
“စစ်သားနဲ့ရဲတွေအများကြီးပဲ။ မြို့တော်ခန်းမနားကော ရင်ပြင်မှာကော အဝင်အထွက် တစ်ကိုယ်လုံးသေချာစစ်တာ။ စက်တွေနဲ့လည်းစစ်တယ်။ မီးခြစ်ပါမယူရဘူး၊ အကုန်သိမ်းသွားတယ်”လို့ သင်္ကြန်လည်နေသူတစ်ဦးက ပြောပါတယ်။
မြို့တော်ခန်းမအနီးမှာတော့ ဆူးလေဘုရားလမ်းနဲ့ ဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကို ပိတ်ထားပြီး အနီးမှာ လုံခြုံရေးအင်အားတစ်ရာဝန်းကျင်နဲ့ စစ်ဆေးနေသလို သင်္ကြန်လည်နေသူတွေကြားမှာလည်း အရပ်ဝတ်လုံခြုံရေးတွေ၊ စစ်သားတွေအများအပြားနေရာယူထားပါတယ်။
ပြည်သူ့ရင်ပြင်မှာလည်း စစ်ကောင်စီတပ်သားတွေအပြင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေက ဝန်ထမ်းတွေပါ လုံခြုံရေးယူထားတာတွေ့ရပါတယ်။
သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ထားတဲ့နေရာတွေမှာတော့ လူအနည်းငယ်စည်ကားပေမယ့် ရန်ကုန်မြို့တွင်းအဓိကလမ်းမကြီးတွေမှာတော့ လူသူကင်းရှင်းနေပါတယ်။
ဒါကတော့ စစ်ကောင်စီလက်အောက်မှာ ကျင်းပတဲ့ သုံးနှစ်မြောက်သင်္ကြန်ပွဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကကျင်းပတဲ့သင်္ကြန်ပွဲကို မပူးပေါင်းကြဖို့ ပြောဆိုထားတာရှိပါတယ်။
ပုံစာ-ရန်ကုန်မြို့တွင်း သင်္ကြန်ပွဲကျင်းပနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
ဓာတ်ပုံ-မော်ကွန်း

