အင်းဝ-၂၀၂၅ ဧပြီ ၇ (မော်ကွန်း)
ရှာဖွေကယ်ဆယ်ရေးအကူအညီ အခက်အခဲကြောင့် အင်းဝမြို့၊ ဘိတ်တန်းရပ်ကွက်က အဆောက်အဦပြိုကျရာမှာ ပိနေတဲ့သူတွေကို အခုထိမဖော်နိုင်သေးဘူးလို့ ရွာသားတချို့က ပြောပါတယ်။
ဒုဋ္ဌဝတီမြစ်ဘေးကဒီရပ်ကွက်ဟာ အင်းဝမှာ အဆိုးရွားဆုံးထိခိုက်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး လတ်တလောသေဆုံးသူ ကိုးဦးအထိ ရှိနေတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
” ဟိုဘက်နားက နို့ဆီစက်ရုံဆိုရင် ပိုင်ရှင်ရော၊ အလုပ်သမားတွေရော ပြိုကျတဲ့အထဲပါသွားတာပေါ့။ ပိုင်ရှင်အမျိုးသားဆိုရင် သူ့သားလေးကို ကျစ်နေအောင် ဖက်ထားရင်း သားအဖနှစ်ယောက် သေနေကြတာကို တွေ့ရတာ အတော်လေး စိတ်ထိခိုက်ဖို့ကောင်းတယ်” လို့ ငလျင်ဘေးသင့် ဘိတ်တန်းရပ်ကွက်သူတစ်ဦးက ပြောပါတယ်။
အဲဒီရပ်ကွက်ထဲက ကွန်ကရစ်နဲ့တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းဟာ ငလျင်ဒဏ်ကြောင့် ပြားပြားဝပ်နေပြီး ထိုအကျိုးအပဲ့ပုံတွေဆီကနေ အပုပ်နံ့တွေလည်း ထွက်နေပါတယ်။
လူတစ်ဦးက ငရဲမီးနဲ့ သံချောင်းတွေကိုဖြတ်ထုတ်ကာ အောက်မှာ ပိနေသူကို ဖယ်ဖို့ ကြိုးစားနေပေမယ့် ဒီမနက်ပိုင်းအထိ မအောင်မြင်သေးပါဘူး။
ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် အင်းဝမြို့က ရှေးဟောင်းဇုန်နဲ့ ဘိတ်တန်းရပ်ကွက်တို့မှာ ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာပါ။
အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၈ မိုင် တစ်ဖာလုံ မှာရှိတဲ့ ဒုဋ္ဌဝတီမြစ်ကူးတံတားလည်း ကျိုးကျခဲ့သလို ဘိတ်တန်းရပ်ကွက်က အဲဒီတံတားအနီး မြစ်ဘေးမှာ ရှိပါတယ်။ မိုင်တိုင်အမှတ် ၃၅၈/၀ (မန္တလေး-ရန်ကုန်ဘက်ခြမ်း) မှာ ရပ်ကွက်အတွင်းကို ဝင်တဲ့လမ်း တည်ရှိပါတယ်။
အဲဒီရပ်ကွက်မှာ အိမ် ၁၅ လုံးနဲ့ စက်ရုံတစ်ခု အလုံးစုံပျက်စီးသွားပြီး ငါးလုံးက ထိခိုက်ပျက်စီးတာမျိုးကြုံရပေမယ့် ယိုင်နဲ့ကျိုးပဲ့ယုံသာ ဖြစ်ပြီး မပြိုကျတဲ့အတွက် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက ပျက်စီးစာရင်းထဲ သွင်းမပေးဘူးလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
” အဒေါ်တို့လည်း ပျက်တာပါပဲ၊ အိမ်ထဲမှာ နေလို့ မရတော့ဘူး။ ဒါပေမဲ့ အုပ်ကြီးက ၁၅ လုံးပဲ စာရင်းကောက်ပြီး ဒီဘက်က ငါးလုံးကို ချန်ထားခဲ့တယ်။ ကူညီနိုင်သူတွေရှိရင် အကူအညီရချင်ပါတယ်” လို့ ဘိတ်တန်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
စစ်ကိုင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၃,၅၀၀ ခန့်၊ ပျောက်ဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၄,၇၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပုံစာ_ ဘိတ်တန်းရပ်ကွက်၊ ဒုဋ္ဌဝတီတံတားနဲ့ ပြိုကျဘုန်းကြီးကျောင်း
ဓါတ်ပုံ- မော်ကွန်း

