ရန်ကုန်-၂၀၂၄ ဧပြီ ၁၂ (မော်ကွန်း)
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ဒီနေ့မနက် ၇ နာရီဝန်းကျင်ကတည်းက ရန်ကုန်ကနေ တိုင်းနဲ့ပြည်နယ်အသီးသီးကို သင်္ကြန်ပိတ်ရက်ပြန်ကြမယ့်သူတွေ များပြားတာကြောင့် ကားလမ်းတွေပိတ်ဆို့နေပါတယ်။
ကာလမ်းတွေပိတ်တာကြောင့် ကားချိန်မမီမှာစိုးတဲ့ ခရီးသည်တွေဟာ နီးစပ်ရာဆိုင်ကယ်၊ ဘေးတွဲစတဲ့ကယ်ရီတွေနဲ့ ကားဝင်းကို အချိန်မီသွားလာနေကြလို့ ကားဝင်းအနီးမှာ ကယ်ရီပြေးဆွဲနေတဲ့သူတွေ အခုရက်ပိုင်းအတွင်း လုပ်ငန်းအဆင်ပြေနေကြတယ်လို့ ပြောကြပါတယ်။
“နှစ်ရက်ရှိပြီ၊ တစ်နေကုန်မနားရဘူး၊ ဆွဲလို့ကောင်းနေတာ။ ကားလမ်းပိတ်တော့ ကျွန်တော်တို့က အလုပ်ဖြစ်တာပေါ့ဗျာ။ တနေ့က ခုနစ်သောင်းခွဲရတယ်၊ မနေ့က တစ်သိန်းခွဲ၊ ဒီနေ့တော့ မနက်ပိုင်းတင် လေးသောင်းကျော်ရနေပြီ။ ပုံမှန်ဆို တနေကုန်ဆွဲမှ တစ်သောင်းဝန်းကျင်လောက်ပဲရတာ။ အခုက အခါတွင်းဆိုတော့အလုပ်ဖြစ်တာပေါ့ဗျာ”လို့ ကယ်ရီသမားတစ်ဦးက ပြောပါတယ်။
အောင်မင်္ဂလာကားဝင်းအနီးကားလမ်းပိတ်ဆို့မှုဟာ တစ်ဖက်မှာ ကန်သာယာပန်းခြံကစလို့ ပိတ်နေသလို တစ်ဖက်မှာလည်းခရေပင်လမ်းခွဲကနေ ကားဝင်းအထိ ပိတ်ဆို့နေတာပါ။
ကားဝင်းအတွင်းမှာလည်း ခရီးသွားကားတွေ၊ တက္ကစီတွေ၊ ခရီးသည်တွေနဲ့ ပိတ်ဆို့နေတာကြောင့် ယာဉ်လိုင်းတချို့လည်း ပုံမှန်ထွက်ချိန်ထက် နောက်ကျပြီးမှ ကားထွက်နိုင်ကြတယ်လို့ ဆိုပါတယ်။
အခုနှစ်သင်္ကြန်ပိတ်ရက်ဟာ ၁၃ ရက်ကနေ ၂၁ ရက်အထိ ပိတ်ရက်ရှည်ဖြစ်တာကြောင့် ရန်ကုန်ကနေ နယ်အသီးသီးကို ပြန်ကြတဲ့သူပိုများသလို လွန်ခဲ့တဲ့တစ်ပတ်ကတည်းက ကားလက်မှတ်အရောင်းဌာနတချို့မှာ လက်မှတ်တွေရောင်းကုန်နေပြီလို့ အဝေးပြေးကားဝင်းမှာရှိတဲ့ ယာဉ်လိုင်းတချို့ကလည်းပြောပါတယ်။
“ကျွန်တော့်အကိုက ယာဉ်လိုင်းနဲ့သိလို့ပေါ့။ သူလက်မှတ်ကြိုဖြတ်ပေးထားလို့သာ ဒီနေ့ကားရတာ။ ကိုယ့်ဟာကို ကြိုပြီးဘွတ်ကင်လုပ်တာ ဂိတ်တော်တော်များများမှာ လက်မှတ်ကကုန်နေပြီ၊ ဝယ်လို့မရတော့ဘူး”လို့ ဒီနေ့မနက်ကားနဲ့ အောင်လံမြို့ကို ပြန်မယ့်ခရီးသည်တစ်ဦးက ပြောပါတယ်။
မော်ကွန်းက ဆက်သွယ်ကြည့်တဲ့ အဝေးပြေးကားဝင်းက လက်မှတ်အရောင်းဌာနအများစုကလည်း ဒီနေ့အထိ ကားလက်မှတ်တွေရောင်းကုန်နေကြပြီလို့ဆိုပေမယ့် ပွဲစားတွေဆီမှာတော့ လက်မှတ်ခ နှစ်ဆနီးပါးပေးပြီး ဝယ်လို့ရသေးတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတချို့က ပြောကြပါတယ်။
“ပွဲစားတွေဆီမှာတော့ နှစ်သောင်းတန်ဆို လေးသောင်းပဲ၊ ဝယ်လို့ရတယ်။ သူတို့ဆီမှာဝယ်ရင် လက်မှတ်ကရှိတယ်။ တချို့ယာဉ်လိုင်းတွေက ကားသမားနဲ့ပွဲစားပေါင်းပြီး ကြားခုံနဲ့တင်ပေးတဲ့သဘောပေါ့။ အခုက ခရီးသွားကာလဖြစ်နေတော့ ဝယ်ကြတာပါပဲ”လို့ ယာဉ်လိုင်းတစ်ခုက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကားလက်မှတ်ဝယ်ရာမှာလည်း လမ်းခရီးမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေရှိတာကြောင့် မှတ်ပုံတင်အပြင် ရပ်ကွက်၊ ရဲစခန်းတွေဆီက ခရီးသွားထောက်ခံစာပါမှ ယာဉ်လိုင်းတွေက လက်မှတ်ရောင်းချပေးတယ်လို့ ခရီးသည်တွေနဲ့ လက်မှတ်အရောင်းဌာနတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝင်တစ်ဦးကတော့ ခရီးသွားတွေကို မှတ်ပုံတင်ပါရုံနဲ့ လက်မှတ်ရောင်းပေးဖို့ ပြောဆိုထားသလို သင်္ကြန်ကာလအတွင်း ကားလက်မှတ်တွေ လုံလောက်အောင်ရောင်းချပေးဖို့နဲ့ ဈေးတင်မရောင်းကြဖို့ ပြီးခဲ့တဲ့လကတည်းက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ပုံစာ-အောင်မင်္ဂလာကားဝင်းအနီးဒီနေ့မနက်အစောပိုင်းကတည်းက ကားလမ်းတွေပိတ်ဆို့နေပုံ။
ဓာတ်ပုံ-mawkun