စည်သူ
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ် အမ်းမြို့နယ်က ရပ်ကွက် သုံးခုနဲ့ ကျေးရွာအုပ်စု ၂၉ ခု မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် မဲဆန္ဒရှင် ၉၀ရာခိုင်နှုန်း မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်တယ်လို့ ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
အမ်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၅,၀၀၀ ကျော်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြောက်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ အစိုးရအမှုထမ်းရပ်ကွက်က မဲဆန္ဒရှင် ၉,၀၀၀ သာ မဲပေးခွင့်ရရှိတော့မှာပါ။
အမ်းမြို့နယ်မှာ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၁၅ ခုရှိတဲ့ထဲက တပ်ဖွဲ့တစ်ခုသာ မဲပေးခွင့်ရမှာ ဖြစ်ပြီး၊ ၎င်းတပ်ဖွဲ့မှာ တပ်မတော်သားရာဂဏန်းရှိပြီး အတိအကျကိုတော့ လုံခြုံရေးအရ ပြောလို့မရကြောင်း ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဌေးအောင်ခိုင်က မော်ကွန်းကို ပြောပါတယ်။
ပြည်နယ်လွှတ်တော် အမ်းမဲဆန္ဒနယ်(၂) မှာလည်း ရွေးကောက်ပွဲမကျင်းပတော့တာကြောင့် ၎င်းမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦးလည်း ယှဉ်ပြိုင်ခွင့်ဆုံရှုံးတော့မှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ခွင့်ဆုံရှုံးသွားတဲ့ ရခိုင်အမျိုးသားပါတီက ဦးနိုင်နိုင်ဝင်းက “ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားအခွင့်အရေးအနေနဲ့ ရွေးကောက်ခံဖို့ လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်ပြီးသွားပြီ။ ဒီလို ရွေးကောက်ပွဲနီးတဲ့အချိန်မှ ဒီလိုလုပ်လိုက်တယ်ဆိုတော့ တော်တော်လေးကို အားမနာရာကျတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူလူထုဘက်ကလည်း သူတို့ကို လက်သင့်မခံတဲ့ အနေထားလို့မြင်တယ်”လို့ မော်ကွန်း ကို ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အမ်းမဲဆန္ဒနယ်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျန်ရှိတော့မှာပါ။
ပြီးခဲတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမ်းမဲဆန္ဒနယ် သုံးနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က နှစ်နေရာနဲ့ ရခိုင်အမျိုးသားပါတီ(ANP)က တစ်နေရာ အနိုင်ရရှိထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနဲ့ ကျန်ရှိတဲ့ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုတို့ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်တော့ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ New Myanmar Foundation က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက “ကိုယ်စားပြုမှု နည်းပြီးဆိုကတည်းက မကောင်းနိုင်တော့ဘူး။ ရွေးကောက်ပွဲကတော့ ဥပဒေအရ ပြီးရင်ပြီးသွားမယ်။ အနိုင်ရလာမဲ့ ကိုယ်စားလှယ်ကလည်း လုပ်ရကိုင်ရတာ ခက်မယ်။ လွှတ်တော်ထဲတော့ ရောက်သွားမယ်။ ပြည်သူလူထုရဲ့ သဘောထားတွေ ယူပြီးတော့ လုပ်ဆောင်ရမဲ့ ကိစ္စတွေ၊ ဒေသဖွံဖြိုးရေးနဲ့ ပတ်သက်ပြီး စီမံကိန်းတွေမှာ နောက်ဆက်တွဲ ပြဿနာတွေရှိမယ်။ ငါတို့က မဲပေးထားတာ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးတွေနဲ့ မဲဆန္ဒရှင်နဲ့ အနိုင်ရမဲ့ ကိုယ်စားလှယ်ကြားမှာ အဆင်မပြေတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်တယ်”လို့ မော်ကွန်းကို ပြောပါတယ်။
#Dailynews

