မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၁၈ ( မော်ကွန်း)
မောင်တောမြို့က နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း နခခ(၅)ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ တောတောင်တွေထဲမှာ ပုန်းအောင်ကာ ရွာတွေကိုစီးနင်းလုယက်တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရတယ်လို့ မောင်တောရှေ့တန်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ မေယုတောင်တန်းက တောတောင် ထူတပ်တဲ့နေရာတွေမှာ ပုန်းခိုနေကြသလို တချို့ကတော့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျေးရွာတွေကို တိုက်ခိုက်လုယက်တာတွေလုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
” ရွာထဲကိုဝင်ပြီး လုယက်တာတွေ၊ ငွေတောင်းတာတွေ၊ ဆန်တောင်းတာတွေရှိတယ်။ ပြီးတော့ စိုက်ခင်းမှာ တဲတိုးနေတဲ့ သူတွေဆီကလည်း အိုးတွေ၊ ခွက်တွေ လုသွားတာလည်း ရှိတယ်။ တချို့ကောင်တွေဆို ဝင်လာကတည်းက သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တယ်။ အသတ်ခံရမှာကြောက်တော့ တောင်းတာ အကုန်ပေးရတော့တာပေါ့” လို့ ဒေသခံတချို့ ကြုံရတဲ့ အခြေအနေကို စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလို လုယက်တိုက်ခိုက်တာတွေ ကြုံလာရတဲ့အတွက် ဒေသခံတွေဟာ တောတောင်ထဲရှာဖွေစားသောက်ရာမှာ အခက်ကြုံကြရသလို ကျေးရွာတွေမှာလည်း ထိတ်လန့်စိုးရိမ်စွာ နေကြရတယ်လို့ သူကပြောပြပါတယ်။
AA အနေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အတတ်နိုင်ဆုံး လိုက်လံရှာဖွေရှင်းလင်းနေသလို ရပ်ရွာလုံခြုံရေးစခန်းတွေ တိုးချဲ့ချထားနိုင်ဖို့အတွက် လုပ်ဆောင်နေတာတော့ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင် ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့ ARSA အဖွဲ့ဟာ ဒေသခံအရပ်သားတွေကို ချုံခိုတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့ AA က ထုတ်ပြန်ထားပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားဆယ်နဲ့ချီ သေဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။
” နခခ (၄) ကို သိမ်းတုန်းက ထွက်ပြေးနေတဲ့ကောင်တွေကိုရော နခခ (၅) ထဲကပြေးသွားတဲ့ကောင်တွေကိုရော AAက တောတောင်ထဲမှာ လိုက်လံရှာဖွေပြီးတော့ ရှင်းလင်းရေးတွေအမြဲလုပ်ဆောင်နေကြပါတယ်။ စစ်ကောင်စီ တပ်သားတွေကလည်း အုပ်စုလိုက်ပြန်ခုခံကြတာတွေရှိတော့ တောထဲမှာပဲ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားကြတာတွေလည်း ရှိပါတယ်” လို့ ဒေသအခြေအနေကို သူကပြောပါတယ်။
ထွက်ပြေးနေတဲ့ စစ်ကောင်စီဝင်တွေကို AA က လိုက်လံ ရှင်းလင်းရာမှာတော့ နခခ(၅) ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားကျပ်သိန်း ၈၀၀ ခန့်နဲ့အတူ ဒီလ ၁၇ ရက်မှာ အသေဖမ်းမိတယ်လို့ မနေ့ညပိုင်းတုန်းက AA က ထုတ်ပြန်ပါတယ်။ ဒီမတိုင်ခင် ၈ ရက်နေ့ တုန်းကတော့ နခခ(၅)ကနေ ထွက်ပြေးသွားတဲ့ ဘူးသီးတောင်မြို၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ကို အရှင်ဖမ်းမိထားတယ်လို့ AA က ထုတ်ပြန်ပါတယ်။
မောင်တောမြို့ကို AA က ပြီးခဲ့တဲ့ စက်တင်ဘာလကနေ သိမ်းပိုက်ရရှိထားတာဖြစ်ပြီး နခခ (၅)စခန်းကိုတော့ နှစ်လနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာစတင်ခဲ့တဲ့ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၂ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က သိမ်းထားနိုင်ပြီး စစ်ကောင်စီကတော့ ပင်လယ်ထဲကကျွန်းမြို့နယ် မာန်အောင်နဲ့ ဂွ၊ ကျောက်ဖြူ၊ စစ်တွေမြို့တွေပေါ်မှာသာ ခြေကုပ်ယူနိုင်တော့တဲ့ အခြေအနေရောက်သွားပြီဖြစ်ပါတယ်။
ပုံစာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်း နခခ(၅)ကို သိမ်းပြီးနောက် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- AA Info Desk

