အမ်း-၂၀၂၄ ဒီဇင်ဘာ ၃ ( မော်ကွန်း)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၃၀ ရက် ကစလို့ ထိန်းချုပ်ထားပြီးနောက်ဆုံးလက်ကျန်ဖြစ်တဲ့ နပခဌာနချုပ်ကိုလည်း ဝင်ရောက် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ပြီးခဲ့တဲ့သုံးရက်လောက်ကတည်းက မြို့ကို ထိန်းချုပ်ရရှိထားတာပါ။ နပခ တစ်ခုပဲ ကျန်တော့တယ်။ နပခကိုလည်း ကျွန်တော်တို့ အပြင်းအထန်ဝင်တိုက်နေပါြပီ။ လေကြောင်းကလည်း မပစ်တဲ့နေ့မရှိဘူး။ တောက်လျှောက်လာပစ်နေတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နပခ အခြေစိုက်ရာ အမ်းကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဧပြီလအတွင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ရှစ်လအကြာမှာ အမ်းမြို့အပါအဝင် မြို့နယ်အတွင်းက တပ်ရင်း၊ ဗျူဟာတွေ အကုန်လုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
အလားတူ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ကိုလည်း AA က နိုဝင်ဘာလ ၂၄ ရက်နေ့ကစလို့ သိမ်းပိုက်ရရှိထားပြီး မြို့ပြင်မှာ ကျန်ရှိနေသေးတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၅) နဲ့ လက်ကျန်တပ်ရင်း နှစ်ရင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမ်းအခြေစိုက် နပခ သာ AA လက်တွင်းကျဆင်းခဲ့ရင် မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ နာမည်ကျော် ‘ ‘၁၀၂၇-စစ်ဆင်ရေး’ အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုအထိ တော်လှန်ရေးသမားတွေထံ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်လွှတ်ရတဲ့အခြေအနေနဲ့ကြုံရမှာ ဖြစ်ပါတယ်။
ရှမ်းမြောက်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရပခ) ကို ကိုးကန့်တပ်(MNDAA) ထံ ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။
AA ဟာ တောင်ကုတ်အခြေစိုက် စကခ(၅) ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ရခိုင်ပြည်နယ်ထဲက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှစ်ခုကို သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့တဲ့စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲဟာ တစ်နှစ်ကျော်အထိကြာမြင့်လာနေပြီး တစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော်အနေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲနဲ့ ရမ်းဗြဲ စတဲ့မြို့ ၁၁ မြို့ကို အလုံးစုံသိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။
ပုံစာ- AA သိမ်းထားတဲ့ အမ်းမြို့နဲ့ နပခ စစ်ဌာနချုပ်
ဓါတ်ပုံ- Google

