“အပွင့်လင်းဆုံးပြောရရင် ပြည်သူကနေ ပြည်သူဆီကိုပဲလှူဒါန်းမှုနဲ့ ကျွန်တော်တို့ ဆက်လက်ရှင်သန်ကူညီ နေရတာပါ”

“အပွင့်လင်းဆုံးပြောရရင် ပြည်သူကနေ ပြည်သူဆီကိုပဲလှူဒါန်းမှုနဲ့ ကျွန်တော်တို့ ဆက်လက်ရှင်သန်ကူညီ နေရတာပါ”

COVID – 19 အတည်ပြုလူနာတွေ၊ ဆက်စပ်သူတွေကို ဆေးရုံတို့ Quarnatine Center တို့ကို ပို့ဆောင်ရာမှာ လူမှုကူညီရေးအဖွဲ့အစည်းတွေက လူနာတင်ယာဉ်တွေနဲ့ ကူညီပို့ဆောင်ပေးကြပါတယ်။ လူနာတင်ယာဉ်အတွက် စက်သုံးဆီနဲ့ချောဆီတွေလိုအပ်သလို လူနာသယ်ဆောင်ရမှာ PPE ဝတ်စုံတွေလည်း လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို လူမှုအဖွဲ့အစည်းတွေ ဘယ်လို ဖြေရှင်းနေကြသလဲဆိုတာ သိရှိနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၄ မှာ တည်ထောင်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းမှာ ဦးထွန်းထွန်းဦးက ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသလို လူမှုကူညီရေးအသင်းအဖွဲ့တွေ စုဖွဲ့ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO)မှာလည်း လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။

အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။

မော်ကွန်း။ ။ လူနာသယ်ယူပို့ဆောင်တဲ့အခါ ကားအတွက်လိုအပ်တဲ့ဆီနဲ့ တခြားလိုအပ်ချက်တွေကို ဘယ်လို ဖြေရှင်းနေပါသလဲ။

ဦးထွန်းထွန်းဦး။ ။ ရန်ကုန်တိုင်းအတွင်း ၄၄ မြို့နယ်မှာ ကျွန်တော်တို့ YRO အနေနဲ့ ကား ၁၃၇ စီးနဲ့ ကူညီပေးနေပါတယ်။ ဆီကလည်း လိုအပ်ပါတယ်ခင်ဗျ။ ဒီရက်ပိုင်းတော့ Max Energy ၊ ရွှေဗျိုင်းဖြူ၊ PT Power ၊ Denko ဆိုင်တွေကနေ လူနာတင်ယာဉ်တွေအတွက် လှူပေးနေပါတယ်။ ဓာတ်ဆီအတွက် ဒီလ အဆင်ပြေပြီလို့ ပြောလို့ရပါတယ်။ အင်ဂျင်ဝိုင်အတွက်ကတော့ ဂမုန်းပွင့်က လှူပေးထားပါတယ်။ နောက်ထပ် လိုအပ်တဲ့ တာယာအတွက်လည်း Westlake ကုမ္ပဏီတစ်ခုက ကျွန်တော်တို့ အခု COVID ကာလမှာသုံးထားတဲ့ ၁၃၇ စီး အတွက် အလုံးတိုင်း လဲပေးမယ်၊ လှူဒါန်းပေးမယ် ပြောပါတယ်ခင်ဗျ။ ဒီနေ့ အနောက်ပိုင်းခရိုင်အတွက် စပြီး လဲပေးနေပါပြီ။ ၄၄ မြို့နယ်မှာလည်း ခရိုင်အလိုက် ခွဲပြီး လုပ်ပေးနေပါတယ်။ ကားနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထပ်ပြီးလိုအပ်တာက ကားတွေက ဆက်တိုက်ထွက်နေရတော့ အောက်ပိုင်းတွေ လုပ်ဖို့ လိုပါတယ်။ အဲဒီအတွက် နီးစပ်ရာလူတွေနဲ့ အသင်းလေးတွေရဲ့ လှူတဲ့ ငွေနဲ့ လည်ပတ်နေပါတယ်။

အခုလောလောဆယ် ကျွန်တော်တို့ အသင်းတွေအားလုံးအတွက် အလိုအပ်ဆုံးကတော့ နေ့စဉ်စားသုံးစရိတ်ပါ။ COVID – 19 အတွက် ကျွန်တော်တို့ YRO နဲ့ချိတ်ဆက်ပြီး လုပ်ဆောင်နေတဲ့အသင်း ၁၆၀ ကျော် ရှိပါတယ်။ အဲဒီအထဲက အသင်း ၆၀ ကျော်က COVID လူနာနဲ့ ဆက်စပ်လူနာတွေကို သီးသန့်ကောက်ပေးနေပါတယ်။ ခြောက်လကျော်လုံးလုံး နားရက်မရှိဘဲ Service ပေးနေတော့ ကားတွေက ပြင်ဖို့လိုနေပါပြီ။ ခြောက်လလုံးလုံး အိမ်မပြန်ဘဲ နိုင်ငံတော်ကနေ နီးစပ်ရာစာသင်ကျောင်းတို့၊ ရပ်ကွက်ဓမ္မာရုံတို့မှာ နေစရာပေးထားပါတယ်။ တချို့ဆိုရင်လည်း လမ်းဘေးမှာ ကွန်တိန်နာဘောက်လေးတွေနဲ့ လုပ်ပေးထားပါတယ်။ စားဖို့သောက်ဖို့က ကျွန်တော့်အသင်းမှာဆိုရင် ဝိုင်းကူပေးနေတဲ့ Volunteer ၅၀ ဝန်းကျင်လောက် ရှိပါတယ်။ ကျွန်တော်တို့ အသင်းကို အပြင်ကလှူတဲ့အထဲကနေ ဒီကလေးတွေအတွက် တစ်လကို နှစ်သောင်း၊ သုံးသောင်းလောက် လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးပေးတာတွေ ရှိပါတယ်။ နေ့တိုင်း ကျွေးမွေးဖို့ကလည်း ဒီအထဲကပဲ စားရပါတယ်။ ဒီမှာ လာကူပေးနေတဲ့ Volunteerတွေမှာလည်း မိသားစုတွေ ရှိကြတယ်။ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေးအတွက်လည်း တစ်လကို ငါးသောင်းဖိုးလောက် ဆန်၊ ဆီ၊ ဆား ပြန်လှူတန်းပြီး ကျွန်တော်တို့ အဲဒီလို သွားနေပါတယ်။

မော်ကွန်း။ ။ COVID – 19 အတည်ပြုလူနာနဲ့ ဆက်စပ်သူတွေကို သယ်ယူပို့ဆောင်ရာမှာ PPE ဝတ်စုံတွေ အတွက်လည်း ဘယ်လို ဖြေရှင်းနေကြပါသလဲ။

ဦးထွန်းထွန်းဦး။ ။ ကျွန်တော်တို့ အဓိကလိုအပ်တာက PPE ပါ။ ပထမလှိုင်းတုန်းက တိုင်းကျန်းမာရေးဌာနကနေ PPE အထည် ၄၀၀ ကျော် ကျွန်တော်တို့ကို လှူဒါန်းတာ ရရှိဖူးပါတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ YRO အနေနဲ့ PPE က ပွင့်ပွင့်လင်းလင်းပြောရရင် လုံလောက်မှု မရှိပါဘူး။ ပိုးတွေ့လူနာ တွေ့လို့ ကျွန်တော်တို့ ကောက်ရမယ်ဆိုရင် လူနာနဲ့ပတ်သက်တဲ့ Contact တွေ ရှိမယ်။ နောက်ထပ် သံသယလူနာတွေ ရှိမယ်။ သယ်မယ်ဆိုရင် PPE က ပိုပြီးလိုအပ်ပါတယ်။ ဒုတိယလှိုင်းမှာတော့ ပိုဆိုးလာတယ်။ သဘောကတော့ ကျွန်တော်တို့က ပိုးတွေ့လူနာ တစ်ယောက်ကောက်မယ်ဆိုရင် ကျန်တဲ့လူ ဆယ်ယောက်လောက်ကိုပါ ကောက်ပေးရတာလေ။ PPE ဆိုတာကလည်း တစ်ခါဝတ်ဆိုတော့ ကျွန်တော်တို့ လူနာတစ်ခေါက် ထွက်ကောက်ပြီဆိုရင် ယာဉ်မောင်းဝတ်ရမယ်၊ ဘေးက လူတစ်ယောက် ဝတ်ရမယ်ဆိုတော့ ကျွန်တော်တို့ ကားတစ်စီး ထွက်ပြီ ဆိုတာနဲ့ PPE နှစ်ထည်ကတော့ ကုန်ပြီ။ အဲဒီတော့ ကျွန်တော်တို့မှာ PPE နဲ့ ဆက်စပ်ပစ္စည်းကလည်း လိုအပ်ပါတယ်။

မော်ကွန်း။ ။ တိုင်း COVID ကာကွယ်ထိန်းချုပ်ရေးကော်မတီက ပထမလှိုင်းမှာ PPE အထည် ၄၀၀ ကျော်ပဲ ပံ့ပိုးတဲ့သဘောလားခင်ဗျ။

ဦးထွန်းထွန်းဦး။ ။ ကျွန်တော်တို့ဆီမှာ အပွင့်လင်းဆုံးပြောရရင် ပြည်သူကနေ ပြည်သူဆီကိုပဲ လှူဒါန်းမှုနဲ့ ကျွန်တော်တို့ ဆက်လက်ရှင်သန်ကူညီနေရတာပါ။ ဒီလောက်ဆိုရင် ရှင်းသွားမယ်ထင်ပါတယ်။
မော်ကွန်း။ ။ COVID-19 က ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာ မသိတော့ ရေရှည်အတွက်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားကြပါသလဲ။

ဦးထွန်းထွန်းဦး။ ။ ဗဟိုကော်မတီရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက ညွှန်ချုပ်တွေနဲ့ ချိတ်ဆက်ကြည့်တဲ့အခါ သူတို့ကတော့ PPE သုံးသောင်းလောက် လှူပေးမယ်ပြောပါတယ်။ လောလောဆယ်တော့ ဘာမှ လက်ခံရရှိခြင်း မရှိသေးပါဘူးခင်ဗျ။ ပေးမယ်လို့တော့ ဖုန်းနဲ့စကားပြောတာတော့ ရှိပါတယ်။ မြေပြင်မှာ တကယ်လက်တွေ့ ကုန်ကျနေတာတွေက တအားများနေပါတယ်။ ဒါလည်း အားလုံး သိပြီးသားကိစ္စတွေပါပဲ။

မော်ကွန်း။ ။ ဒီလအတွက် ဓာတ်ဆီကတော့ လုံလောက်ပြီ၊ PPE ကတော့ နည်းနည်း အခက်အခဲ ရှိနေသေးတဲ့ သဘောပေါ့။

ဦးထွန်းထွန်းဦး။ ။ PPE က အခက်အခဲ နည်းနည်းမဟုတ်ဘူး။ လုံးလုံး ခက်ခဲနေတာလို့ပဲ ပြောချင်ပါတယ်ခင်ဗျ။ ဆီကလည်း လောလောဆယ် တစ်လစာ ထုတ်ခွင့်ရှိတဲ့အတွက် ဘယ်နှလစာပေးမလဲ ကျွန်တော်တို့လည်း မသိရသေးဘူး။ ပြီးခဲ့တဲ့ ငါးလမှာဆိုရင် တစ်လစာကို မြတ်မေတ္တာမွန်က လှူပေးတယ်။ အခု ကျွန်တော်တို့ ကူညီပေးနေတဲ့ ခြောက်လကျော်ကာလမှာဆိုရင် နှစ်လစာ အလှူရတာပေါ့။ ကျန်တဲ့ လတွေကတော့ ပြည်သူမှ ပြည်သူသို့ လှူဒါန်းတဲ့ဟာပဲပေါ့။ ကျန်တဲ့ နီးစပ်ရာအသင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ နာယကတွေက မရှိရှိ တာ ရှာဖွေပြီး ကိုယ့်အမျိုးသားရေးအတွက်ကို အိတ်စိုက်ထုတ်ပြီး လုပ်ကိုင်နေကြတာပါခင်ဗျ။

မော်ကွန်း။ ။ လူနာသယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးနေတဲ့ Volunteer တွေက သီးသန့်ခွဲပြီး နေထိုင် နေကြတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေက ဘာတွေ ရှိမယ်ထင်ပါသလဲ။

ဦးထွန်းထွန်းဦး။ ။ YRO အနေနဲ့တော့ အတတ်နိုင်ဆုံး သူတို့ကို ပျော်အောင်ထားပါတယ်။ အိမ်ကို ငါးလ၊ ခြောက်လ မပြန်ဘူးဆိုတဲ့ စိတ်ဓာတ်ကလည်း နည်းတဲ့စေတနာမဟုတ်တာမို့ ကျွန်တော်ကတော့ အားလုံးကို တကယ်လေးစားပါတယ်။ ဆေးရုံတော်တော်များမှာလည်း ဆရာဝန်နဲ့လူနာ မမျှတော့ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်က ကျန်းမာရေး ဝန်ကြီးဌာနကို ဝိုင်းဝန်းပြီး ကူညီပေးနေတာပါ။ ဘယ်သူမှလည်း ခိုင်းလို့မဟုတ်ပါဘူး။ ကိုယ့်စေတနာနဲ့ကိုယ် လုပ်ကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာက လောလောဆယ်အထိတော့ တော်တော်လေး ခိုင်မာနေသေးတယ်လို့ ပြောလို့ရပါတယ်။

လူနာများလာတာနဲ့အမျှ ကျွန်တော်တို့ဆီမှာလည်း Volunteer အင်အားတွေ ထပ်ချဲ့ခေါ်ရတာရှိတယ်။ Volunteer အင်အားကလည်း မနည်းရှာဖွေနေရတာပေါ့။ ရောဂါကလည်း ကူးတယ်ဆိုတဲ့အခါကြတော့ ဒီအလုပ်လုပ်မယ် ဆိုရင် ကိုယ်စေတနာပါပေမယ့် မိသားစုကလည်း ခွင့်ပြုဦးမှ၊ မိဘကလည်း ခွင့်ပြုဦးမှ။ ဒီအခက်အခဲတွေလည်း အများကြီးပဲ။ Volunteer အင်အားလည်း အရမ်းလိုနေပါတယ်။

မော်ကွန်း။ ။ လူနာသယ်ယူပို့ဆောင်ရေးအတွက် တိုင်း COVID ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ စီမံခန့် ခွဲမှုအပိုင်းမှာ ဘယ်လို ချိတ်ဆက်ဆောင်ရွက်ကြပါသလဲခင်ဗျ။

ဦးထွန်းထွန်းဦး။ ။ အရင်ကတော့ တိုင်းကော်မတီကနေ တိုက်ရိုက်သွားတယ်။ အခုကြတော့ လူနာတွေ အရမ်းများလာတော့ တိုင်းကော်မတီတစ်ခုတည်းနဲ့မရတော့တဲ့အတွက် ကိုယ့်မြို့နယ်နဲ့ကိုယ် ခွဲထုတ်လိုက်ပြီး မြို့နယ်က TMO(မြို့နယ်ဆေးရုံအုပ်ကြီး) တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးမှ လူနာဘယ်လောက်ရှိတယ်၊ သူတို့ရဲ့ အပေါ်စာနဲ့ ဘယ်ဆေးရုံနဲ့ ဘယ် Quarantine စင်တာတွေကို ပို့ပေးပါဆိုရင် သယ်ယူပို့ဆောင်ရေးတွေ ကို ကျွန်တော်တို့ လုပ်ပေးနေပါတယ်။

မော်ကွန်း။ ။ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျ။

ဦးထွန်းထွန်းဦး။ ။ ဒီထက်များလာရင် ကျွန်တော်တို့ တော်တော်ခဲရာခဲဆစ်ဖြစ်မယ့်ဟာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာလို တိုးတက်တဲ့နိုင်ငံလည်း မဟုတ်သေးပါဘူး။ ပြည့်စုံလုံလောက်တဲ့ နိုင်ငံလည်းမဟုတ် သေးတော့ ကျွန်တော်တို့မှာ အခက်အခဲအများကြီးနဲ့ ဒီထက်ပိုပြီး ကြုံနိုင်တယ်ဆိုတာ အသိပေး ချင်ပါတယ်ခင်ဗျ။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."