ရန်ကုန်-၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း)
ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ရုံးချုပ်ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ထံကို မြန်မာလူထုနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၁၄၀ ကျော်က ဒီနေ့ တိုင်ကြားစာ ပို့လိုက်ပါတယ်။
အဓိကအကြောင်းအရင်းကတော့ ဒုက္ခသည်တွေရဲ့ အချက်အလက်ကို အိန္ဒိယနိုင်ငံ ဆိုင်ရာ UNHCR ရုံးက အိန္ဒိယအစိုးရထံပေးလိုက်တဲ့ နောက်ဆက်တွဲ ဒုက္ခသည်အခွင့် အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရုံးချုပ်က စစ်ဆေးကာ တာဝန်ယူ၊ တာဝန်ခံလာစေဖို့ပဲ ဖြစ်ပါတယ်။
ဒီလို အချက်အလက်တွေပေးလိုက်တဲ့အတွက် အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ အပါအဝင် ဒုက္ခသည် ၂၆၀ ကျော် အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက မြန်မာဒုက္ခသည် ၁၃၀ ကျော်ဟာလည်း စစ်ကောင်စီထံကို လွှဲအပ်ပေးလိုက်တာခံရပြီး နိုင်ငံတကာဥပဒေပါအခွင့်အရေးတွေကို ချိုးဖောက်ခံခဲ့ရတာပါ။
UNHCR ရုံးချုပ်ကို တောင်းဆိုတိုင်ကြားတဲ့ အဖွဲ့တွေထဲက India for Myanmar အဖွဲ့ဆီကို မော်ကွန်းက ဒီအကြောင်း အီးမေးလ်ကတဆင့် ဆက်သွယ်မေးခဲ့ရာ ပြန်လည်ဖြေကြားလာတဲ့အထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ အိန္ဒိယ UNHCR ရုံးဟာ မြန်မာဒုက္ခသည်တွေကို ဘယ်လိုတာဝန်တွေ ပျက်ကွက်နေတာကို မြင်ရပါသလဲ။
India for Myanmar ။ ။ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရက အခုချိန်မှာ ဆက်ဆံရေးကောင်းနေတော့ UNHCR-India (အိန္ဒိယနိုင်ငံ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) က မြန်မာဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်များ အချက်အလက်ကို အိန္ဒိယအစိုးရထံ ပေးပို့မှုဟာ အိန္ဒိယအစိုးရက ဖမ်းတာဆီးတာကြုံလာချိန်မှာ အိန္ဒိယအစိုးရဘက်က အလွယ်တကူဖမ်းနိုင်တာမျိုး ဖြစ်နိုင်တယ်။ ဒီတော့ မလုံခြုံတဲ့သူတွေရဲ့အချက်အလက်ကိုပါ အိန္ဒိယအစိုးရထံလွှဲအပ်မှုက လုံးဝ အဆင်မပြေတာမို့ ရုံးချုပ်ကို (ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာအခြေစိုက်တဲ့UNHCR ရုံး) တိုင်တာပါ။
မော်ကွန်း။ ။ အခု အိတ်ဖွင့်ပေးစာကို မဟာမင်းကြီးရုံး(ရုံးချုပ်)က တာဝန်ခံ၊ တာဝန်ယူမှုမျိုး မလုပ်ပေးနိုင်ရင် အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေရဲ့ အနာဂတ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။
India for Myanmar ။ ။ အဓိကတော့ အိန္ဒိယမူအရ ဒုက္ခသည်များပြန်လည်ပို့ဆောင်တာမျိုး အကြီးအကျယ်လုပ်လာရင် မြန်မာဒုက္ခသည်များကို အလွယ်တကူဖမ်းနိုင်တာမျိုး၊ ပို့တာမျိုး ဖြစ်စေနိုင်ပါတယ်။ အခုလောလောဆယ်ကတော့ အထူး သတိပြုဖို့လိုတာက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ။
နောက်ပြီး အခုတချို့နေရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့နေထိုင်သူတွေကိုဖမ်းထားပြီး မြန်မာပြည်ပြန်ပို့ဖို့ ထိန်းသိမ်းထားတာမျိုးလည်းရှိလာတယ်။ ဘယ်အတိုင်းအတာအထိ အိန္ဒိယက လုပ်ဆောင်မလဲဆိုတဲ့အပေါ်မှာဘဲ မူတည်ပါတယ်။
မော်ကွန်း။ ။ အခု ပြန်အပို့ခံရတဲ့ ၁၅၀ ဝန်းကျင်သော သူတွေအပြင် ဒီအာဏာသိမ်းကာလအတွင်း အိန္ဒိယအစိုးရက စစ်ကောင်စီထံ ဘယ်လောက် ပြန်ပို့ခဲ့ပါပြီလဲ။ ယခင်ကရော ရှိဖူးပါသလား။
India for Myanmar ။ ။ စုစုပေါင်း စာရင်းအတိအကျက ၁၃၄ ဦးပါ။ ပြန်ပို့ခံရတာ ရိုဟင်ဂျာကတော့ ၄၀ ပါ။ ယခင် အာဏာမသိမ်းမီတော့မရှိဖူးဘူးလို့ သိထားရပါတယ်။ ဒီစာရင်းကတော့ အာဏာသိမ်းမှုအပြီး ပြန်ပို့ခံတဲ့စာရင်းပါ။
မော်ကွန်း။ ။ အိန္ဒိယနိုင်ငံတွင်းကို မြန်မာနိုင်ငံက ဘေးဒုက္ခသင့်နေသူ အရေအတွက် ဘယ်လောက်အထိ ခိုလှုံရောက်ရှိနေပါသလဲ။ မြန်မာ UNHCR ရုံးက ထုတ်ပြန်ချက်နဲ့ မြေပြင်ကွာဟချက် ရှိပါသလား။ ပြည်နယ်ဒေသအလိုက် ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည်စာရင်းကို သိရင် ပြောပြပေးပါ။
India for Myanmar ။ ။ ခုနစ်သောင်းခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေလီမြို့မှာ UNHCR ထံ စာရင်းသွင်းတာ ကတော့ ၁၀၀,၀၀ ခန့်ရှိမယ်လို့ သိရပါတယ်။
မော်ကွန်း။ ။ ဒုက္ခသည်တွေကို ကူညီကာကွယ်ရမယ့်တာဝန်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာယန္တရားတစ်ခုက သက်ဆိုင်ရာအစိုးရတွေနဲ့ပေါင်းပြီး ဒုက္ခသည်တွေကို ဒီလိုပြုကျင့်တဲ့ပေါ် လူသားချင်းစာနာမှုရှုထောင့်၊ ဒုက္ခသည် အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေ မှတ်ချက်ပေးရမယ်ဆိုရင် India For Myanmar အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
India for Myanmar ။ ။ အဓိကတော့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ ကမ္ဘာ့အခြေအနေ အဆိုးဆုံးတိုင်းပြည်ဖြစ်နေတယ်။ ဒီတော့ မြန်မာနိုင်ငံသားတွေ၊ အိန္ဒိယမှာ ခိုလှုံသူတွေကို တတိယနိုင်ငံသို့ ခိုလှုံခွင့်ရအောင် ကူညီပေးကြစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေ ပညာရေး၊ ကျန်းမာရေးအခြေအနေ အတော်ဆိုးနေပြီး အိန္ဒိယမှာသာ နောက်ထပ်ငါးနှစ်ခန့် ခိုလှုံကြပါက ပညာမဲ့ဘဝရောက်သွားမယ့် လူငယ်ပိုင်းတွေ အလွန်များပါတယ်။ ဒီတော့ မြန်မာ နိုင်ငံကလည်း အခြေအနေကောင်းလာမယ့်အလားအလာသိပ်မရှိတော့ မြန်မာဒုက္ခသည်တွေကို တတိယနိုင်ငံခိုလှုံခွင့် ဦးစားပေးမှာပါစေချင်တယ်။
မော်ကွန်း။ ။ အိန္ဒိယ-UNHCR ရုံးရဲ့ ဒီလိုလုပ်ရပ်ဟာ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအတွက် အနာဂတ်အရေးမှာ ဘယ်လို စိန်ခေါ်မှုတွေကြုံတွေ့နိုင်ပါသလဲ၊ လတ်တလော စိန်ခေါ်မှုတွေ ကြုံနေရတာတွေက ဘာတွေများ ဖြစ်ပါသလဲ။
India for Myanmar ။ ။ အဓိကတော့ အိန္ဒိယက စကစနဲ့ (အာဏာသိမ်းစစ်ကောင်စီ) ဆက်ဆံရေး အဆင်ပြေတဲ့နိုင်ငံဖြစ်တယ်။ ပြီးတော့ ၂၀၂၅ မှာ စကစ ကျင်းပမယ့် ရွေးကောက်ပွဲဟာမျိုးကို အိန္ဒိယက ထောက်ခံပေးတာမျိုးလုပ်လာရင် အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မြန်မာနိုင်ငံသားတွေ ဆက်နေလို့ မရလောက်တော့ဘူး။ ဒါအရင်က သမိုင်းအရ မြန်မာနိုင်ငံသားတွေကို အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ညှာလေ့မရှိတာမျိုးလည်း ရှိခဲ့တယ်။ ဒီတော့ ဒုက္ခသည်အဖြစ် နိုင်ငံတစ်နိုင်ငံမှာ လျှောက်ထားသူတွေက အနည်း၊ အများ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု ဆက်စပ်သူတွေ ဖြစ်တော့ အနာဂတ်အတွက်ကတော့ စိုးရိမ်မှုဖြစ်စေတာအမှန်ပဲ။ ။

ပုံစာ- ပြီးခဲ့တဲ့လ ၃၀ ရက် ( ကမ္ဘာ့ဒုက္ခသည်နေ့)က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဆန္ဒဖော်ထုတ်နေတဲ့ ဒုက္ခသည်တချို့။
ဓါတ်ပုံ- CRC

