ဝက်လက် – ၂၀၂၅ မေ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာ၊ ရွှေပန်းကုန်းရွာ၊ သစ်စိမ့်ကြီးရွာနဲ့ တံငါရွာတို့ကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်းနဲ့ ဒီနေ့နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲရာ ရွာတော်ကုန်းရွာခံ ပြည်သူ ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော် ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့ ညနေ ၄ နာရီ ဝန်းကျင်မှာရွာတော်ကုန်းရွာကို လေကြောင်းဗုံးကြဲရာ ပြည်သူ ကိုးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။
“ အမျိုးသမီးအမျိုးသား၊ အသက်ရွယ်သေဆုံးတွေကိုတော့ ကျွန်တော်တို့ မသိရသေးဘူး၊ စစ်ကောင်စီတပ်ရဲ့ မိတ္ထီလာ၊ တံတားဦးက ဂျက်ဖိုက်တာတွေနဲ့ ဝက်လက်မြို့နယ်ကို ဆက်တိုက်ဗုံးကြဲနေတာ” လို့သူကပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ဒီနေ့မနက် ၇း၀၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင် သစ်စိမ့်ကြီးရွာကို ဒီနေ့ ၁၀း၀၀ နာရီဝန်းကျင်မှာ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
ဝက်လက်မြို့နယ် အနောက်မြောက်ခြမ်း တံငါကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒီနေ့မွန်းလွှဲ ၁၁ နာရီဝန်းကျင်မှာထပ်မံဗုံးကြဲတာကြောင့် ပြည်သူ ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။
စစ်ကောင်စီဟာ အခုလ ၉ ရက်ကလည်း ဗန်းမော်မြို့က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဗုံးနှစ်ကြိမ်ကြဲခဲ့ရာ စစ်ရှောင်ပြည်သူ ၁၅ ဦးသေဆုံးထားပါတယ်။
အခုလ ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ သုံးဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မေလ ၉ ရက်နောက်ဆုံးထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သားဟာ အနည်းဆုံး ၆,၆၀၀ ကျော်ရှိနေပါတယ်။
ပုံစာ – ဝက်လက်မြို့နယ် ရွာတော်ကုန်းရွာလေကြောင်းဗုံးကြဲခံရမှုကြောင့်သေဆုံးသူများ
ဓါတ်ပုံ – ပေးပို့

