စစ်ကိုင်းတိုင်း – ၂၀၂၃ ဇွန် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ဆားလင်းကြီးမြို့နယ်တွေကို ဒီကနေ့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်သူလည်းရှိနေပါတယ်။
ဒေသခံတွေကတော့ ဘေးလွတ်ရာကို ဒီကနေ့နံနက်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဒီကနေ့ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်သားအင်အားအပြည့်နဲ့ကားတစ်စီးဟာ ချင်းတွင်းတံတားကို ဖြတ်ပြီး ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီအချိန်မှာပဲ ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ ကစစ်သားနဲ့ရဲတွေဟာလည်း ပူးပေါင်းကာ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ယင်းမာပင်မြို့နယ် မြရွှေစီတောပြင်မှာနေထိုင်တဲ့ အသက် ၅၅နှစ်အရွယ် ဦးကြည်ဝင်းရဲ့ ခြေထောက်ကိုထိမှန်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
အခုအချိန်မှာတော့ ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင်ဘက်က လုံခြုံရေးယူနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်အားအများအပြားနဲ့ ထပ်ပြီးထွက်လာကာ ဒုန်းတောကျေးရွာအနီးကိုရောက်နေပြီလို့ ဒေသခံကပြောပါတယ်။
မုံရွာ နမခကနေလည်း နောက်ထပ်စစ်ကားတစ်စီး စစ်ကူထွက်လာတယ်လို့လည်း ဒေသခံကပြောပါတယ်။
ဒီလို စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊ မြရွှေစည်၊ ကျေးစာကျ၊ပေကုန်း ၊ရွာသာစတဲ့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – ပြေးလွှားနေရတဲ့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံများ။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

