ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်ခံတွေက ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ညောင်ပင်ကြီးတောရွာကို ရဟတ်ယာဥ်နှစ်စီးနဲ့ ပစ်ခတ်သွားကြောင်း၊ အထိအခိုက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
ဝက်လက်နယ် ရွှေဘို-မန္တလေးလမ်းရဲ့အရှေ့ခြမ်း၊ အနောက်ခြမ်းနဲ့ တောင်ဘက် ဆားတောင်နယ်ဘက်အထိ ရဟတ်ယာဥ်တွေ ပျံသန်းနေပြီး လေးစင်းခန့် တွေ့ရကြောင်း၊ ညောင်ပင်ကြီးတောရွာအပြင် အခြားရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
“အရင်ရက်က ဖြစ်ထားတဲ့အရှိန်ကြောင့် ဝက်လက်နယ်ကို ရဟတ်ယာဥ်နဲ့ပါ ပစ်ကူနေတာ”လို့ ဝက်လက်နယ်ခံတစ်ဦးက ထင်မြင်ချက်ပေးပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၁ ရက်နေ့တွေက ဝက်လက်မြို့နယ် အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများခဲ့တယ်လို့ ဝက်လက်PDFက ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒီကနေ့ ဝက်လက်နယ်တွင် ပျံသန်းနေသော ရဟတ်ယာဥ်တစ်စီး။
ဓါတ်ပုံ – SPK News
#Dailynews

