မိုးကုတ်- ၂၀၂၅ ဩဂုတ် ၂၀ (မော်ကွန်း)
စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် နှစ်လမပြည့်ခင်အတွင်း အရပ်သား ၆၀ ကျော် သေခဲ့ရတဲ့ မိုးကုတ်မြို့က ဒေသခံ တွေဟာ စစ်ဘေးရှောင်လိုပေမယ့် ငွေကြေးအခက်အခဲကြောင့် ဗုံးကြဲခံရမယ့်ဘေးကို ရင်ဆိုင်ပြီး မြို့မှာ ဆက်လက်နေထိုင် နေကြရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
မိုးကုတ်မြို့ကနေ မန္တလေးမြို့ကို စစ်ဘေးရှောင်ဖို့ ကားခက တစ်ဦးကို ကျပ်လေးသိန်းဝန်းကျင်ပေးရပြီး မိသားစုလိုက် တိမ်းရှောင်ဖို့အတွက်ဆိုရင် ကားခစရိတ်တင် ကျပ် ၁၀ သိန်းကျော် ကုန်ကျစရိတ်ရှိနေတယ်လို့ မိုးကုတ်မြို့ အနောက်ပိုင်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ တခြားမြို့ တိမ်းရှောင်ဖို့ဆိုတာကလည်း သိန်းရာချီ လက်ထဲ ထည့်သွားနိုင်မှ ရတာ။ လမ်းစရိတ်တောင် ဆယ်သိန်း အထက် ပေးရတယ်။ ပြေးကြ၊ ရှောင်ကြဆိုတာ အပြောသာလွယ်တာ။ ခဏတဖြုတ်ဆိုပေမယ့် ရှိတာရောင်း၊သုံး။ ကုန်သွား၊ ပြန်လာ ပြန်ရှာဖို့က မလွယ်ဘူး “ လို့ သူက ပြောပါတယ်။
မိုးကုတ်-မန္တလေးလမ်း၊ မိုးကုတ်-ပြင်ဦးလွင်လမ်းတွေက တိုက်ပွဲတွေကြောင့် ပိတ်ဆို့ခံထားရပြီး သွားလို့ မရတာကြောင့် ကွင်းလမ်းက ပတ်သွားရတဲ့အတွက် ကားခတွေက စျေးတက်နေရတာလို့ မြို့ခံတချို့က ပြောပါတယ်။
“ လမ်းတွေ မပိတ်ခင်တုံးက ကားခတစ်ယောက်ကို နှစ်သိန်းခွဲဝန်းကျင်ပဲရှိတယ်။ မိုးကုတ်-ပြင်ဦးလွင်လမ်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတော့ သွားမရဘူး။ မိုးကုတ်-မန္တလေးလမ်းကလည်း ဇက်ဆိပ်တွေကို စစ်ကောင်စီတပ်ဘက်က လေယာဥ်နဲ့ ဗုံးကြဲလို့ သိပ် မသွားကြတော့ဘူး။ ခုက တခြားကွင်းလမ်းတစ်ခုက သွားရတယ်” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းက မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ကနေ မန္တလေးမြို့ကို စစ်ဘေးတိမ်းရှောင်ဖို့ ငွေကြေးအခက်ခဲရှိတဲ့အပြင် တခြားမြို့မှာ ရေရှည်ရပ်တည်နေထိုင်ဖို့ လုပ်ငန်း မရှိတာကြောင့် မြို့ကို စွန့်ခွာတိမ်းရှောင်ဖို့ ခက်ခဲနေတာလို့ မြို့ခံတချို့ကလည်း ပြောပါတယ်။
“ အနီးဆုံး မန္တလေးပြေးမယ်ဆိုရင် ပိုက်ဆံက ရာဂဏန်းရှိနေမှ ရမှာ။ နေစရိတ်၊ စားစရိတ်လိုတယ်။ အသိလည်းမရှိ၊ ဆွေမျိုးလည်း မရှိကြဘူး။ အလုပ်အကိုင်ကလည်း ဘာလုပ်ရမလဲ မသိဘူး။ ပိုက်ဆံတတ်နိုင်သူတွေပဲ ရှောင်ကြတာ။ ပိုက်ဆံ မတတ်နိုင်သူတွေနဲ့ မြို့ကို မစွန့်ခွာနိုင်သူတွေကတော့ ဒီတိုင်း နေကြရတယ်။ (ဗုံးကြဲ)လေယာဉ်လာရင် ဘယ်ပြေးလို့ ပြေးရမှန်း မသိဘူး” လို့ မြို့အရှေ့ပိုင်းက မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လနဲ့ ယခုလအတွင်း မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာတွေ ရှိပြီး ဒီကာလအတွင်း ၆၀ ကျော် သေဆုံးထားရသလို ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတချို့က ပြောပါတယ်။
ပုံစာ – အခုလထဲမှာ ဗုံးကြဲခံထားရတဲ့ မိုးကုတ်မြို့ကနေရာတစ်ခု
ဓါတ်ပုံ – ပေးပို့

