ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
လားရှိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်တော့မှာဖြစ်တဲ့အတွက် မူလက တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြုတွေအနေနဲ့ မိမိရဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လည်လာရောက်ထမ်းဆောင်ကြဖို့ MNDAA ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
လားရှိုးမြို့က စစ်ကောင်စီတပ်တွေကို မြို့တွင်းကနေ မြို့ပြင်ကိုမောင်းထုတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်းမှာ ခိုအောင်းနေသေးတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းနေတယ်လို့ မြန်မာ ၊ တရုတ် နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို MNDAA အထူးဒေသ (၁) ရဲ့ အုပ်ချုပ်ရေးကော်မတီက ဆက်ခံလိုက်ပြီး တိုက်ပွဲတွေအပြီးမှာတော့ အုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။
ဒါ့ပြင် အရပ်သားတွေအနေနဲ့လည်း MNDAA တပ်ဖွဲ့ဝင်တွေ မြို့တွင်းမှာ ဝင်ရောက်နေရာယူထားတာကို စိုးရိမ်ထိတ်လန့်ခြင်းမရှိဖို့နဲ့ ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါသေးတယ်။
ဒါ့ပြင် ဒေသခံတွေ အကူအညီလိုအပ်ပါက အကြောင်းကြားနိုင်မယ့် ကိုးကန့်တပ်ဖွဲ့အရာရှိတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာပါ။
လက်ရှိမှာ လားရှိုးမြို့က ဒေသခံ သောင်းနဲ့ချီကာ စစ်ဘေးရှောင်နေကြရပြီး မြို့တွင်းမှာ ကျန်နေသေးတဲ့ ဒေသခံတွေလည်း အများအပြားရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
ဒါ့ပြင် ဒီနေ့ထိ လားရှိုးမြို့တွင်းမှာ ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသေးပြီး မြို့ပေါ်မှာလည်း MNDAA တပ်တွေ ဝင်ရောက်တပ်စွဲထားတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်ပေါ်မှာ ဒီနေ့မနက်ပိုင်းကစပြီး ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် လားရှိုးမြို့လယ်က ရဲစခန်း၊ မီးသတ်ဌာနအပါအဝင် အုပ်ချုပ်ရေးရုံးတွေရှိရာနေရာတွေ၊ စစ်တပ်ပိုင် အင်းဝဘဏ်အနီးနဲ့ လားရှိုးမြို့ပြည်သူ့ဆေးရုံအနီးတို့မှာ MNDAA တပ်တွေ သွားလာနေပြီး ဝင်ရောက်စိုးမိုးထားတာကိုလည်း အဲဒီရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
လားရှိုးမြို့ဒေသခံတစ်ဦးတော့ မနေ့ကညပိုင်းက လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
“ဒီမနက်လည်း ပစ်ခတ်သံတွေတော့ ကြားနေရသေးတယ်။ လားရှိုးမြောက်ဘက်ပေါ့ ရမခ ကိုသွားတဲ့လမ်းတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
MNDAA က လားရှိုးမြို့ကို သိမ်းလိုက်ပြီလို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ လားရှိုးမြို့ကို အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖို့ ဆောင်ရွက်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ မနေ့ကညပိုင်းကဆိုပါတယ်။
လက်ရှိမှာ လားရှိုးမြို့ အနီးဝန်းကျင်လုံခြုံရေးတပ်စခန်းတချို့ကို စွန့်လွှတ်ခဲ့ရပြီး ဆုတ်ခွာထားရတယ်လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးရဲ့ ဗိုလ်မှူးဇော်မင်းက ဝန်ခံထားပြီး အဲဒီလို ဆုတ်ခွာထားရပေမယ့် အဆင့်ဆင့် ခံစစ်ဆင်ကာ ချေမှုန်းနေတယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။
MNDAA နဲ့ မဟာမိတ်တပ်တွေဟာ လားရှိုးမြို့ကို ယခုလ ၃ ရက်က စပြီး စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ သီတင်းပတ်သုံးပတ်ကျော် ကာလအတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီလို့ ထုတ်ပြန်လာတာပါ။
လားရှိုးမြို့ဟာ ရှမ်းမြောက်ဒေသရဲ့ အကြီးဆုံး စီးပွားရေးမြို့တော်ြဖစ်ပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်ကာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စုပေါင်း ၇၀ ကျော်ရှိတဲ့ မြို့ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်တပ်တွေရဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းမှာ စစ်ကောင်စီဟာ နောင်ချို၊ လားရှိုး၊ မိုးကုတ် အစရှိတဲ့ မြို့နယ်တွေက အခြေစိုက်တပ်စခန်းတွေကို လက်လွှတ်ခဲ့ရတာပါ။
ပုံစာ – MNDAA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – ကိုးကန့်မီဒီယာ
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

