ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃၁ (မော်ကွန်း)
ရန်ကုန်မှာလာမယ့်ရက်ပိုင်းအတွင်း မိုးများနိုင်သလိုဝါဆိုလပြည့်နေ့ ဒီရေတက်မယ့်အချိန်လည်းဖြစ်တာကြောင့် မြစ်တွေ၊ချောင်းတွေနားနေသူတွေသတိပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။
“ဒီနေ့လည်းမိုးများနိုင်တယ်၊ ဩဂုတ် ၁ ရက်၊ ရက်လည်းမိုးများနိုင်တယ်။ ၂ ရက်နေ့ဆိုရင်မိုးပါးသွားလိမ့်မယ်။ သုံးရက်ဆက်ပေါ့။ ရက်ဆက်ရွာတဲ့မိုးဖြစ်လို့ ရေကြီးရေလျှံတာ၊ နောက်ပြီးဒီရေတက်တဲ့အချိန်နဲ့တိုက်နေတော့ ရန်ကုန်မြစ်အပါအဝင် မြစ်တွေချောင်းတွေ၊ ကမ်းပါးတွေမှာနေတဲ့သူတွေသတိထားရမယ်။ ရေကျတဲ့အချိန်နဲ့ အောက်ရေနဲ့အပေါ်ရေပေါင်းသွားတဲ့အချိန်ကြရင် သတိထားဖို့လိုပါမယ်” လို့သူကပြောပါတယ်။
ဒီနေ့ရန်ကုန်မြို့မှာ မိုးများခဲ့တာကြောင့်နေရာတစ်ချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းမအပြည့် ရေတွေကြီးနေပြီး ကားလမ်းတွေပါပိတ်တဲ့အထိဖြစ်နေတာပါ။
လမ်းမကြီးတစ်လျှောက်မှာလည်းရေကြီးနေတာကြောင့်ဆိုင်ခန်းတွေပိတ်ထားပါတယ်။
ဗိုလ်တထောင်မြို့နယ်နဲ့သုဝဏ္ဏမြို့နယ်မှာဆိုလည်း မိုးများပြီးရေကြီးရေလျှံမှုဖြစ်နေတာပါ။
မိုးရေချိန် ဟာသုံးလက်မကျော်ရင်မိုးကြီးတယ်လို့မိုးဇလကသတ်မှတ်ပါတယ်။ မနေ့ကမိုးဇလရဲ့ကမ္ဘာအေးဘုရားလမ်းပေါ်မိုးရေချိန်တိုင်းတာချက်အရတော့ နှစ်လက်မကျော်ရှိခဲ့ပြီး ဒီကနေ့အတွက်မိုးရေချိန်တိုင်းတာချက်တော့မရသေးဘူးလို့ဦးလှထွန်းကပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေလို့ ရန်ကုန်မှာ နေရာကွက်ကြားမိုးကြီးနိုင်ပြီး ရွာရန်ရာခိုင်နှုန်းအပြည့်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရန်ကုန်မြို့တွင်ရေကြီးနေသည့်မြင်ကွင်း
Photo – Mawkun
#Dailynews

