လမ်းဆုံလား လမ်းဆုံးလား

လမ်းဆုံလား လမ်းဆုံးလား

Illustration – MAUNG NOE

‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က ၂၄ ရက်အထိ NCA လက်မှတ်ရေးထိုး ခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ ကြပါတယ်။ ဒီညီလာခံမှာ မိုင်းလားအဖွဲ့၊ ရခိုင်အဖွဲ့ (AA)၊ကချင်အဖွဲ့(KIA)၊ကိုးကန့်အဖွဲ့၊ တအောင်း ပလောင်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့တို့အပြင် အထူးဖိတ်ကြားခံရတဲ့ ပုဂ္ဂိုလ်နှစ်ဦး အပါအဝင် အားလုံး ပုဂ္ဂိုလ် ၃၇ ဦး တက်ရောက်ခဲ့ကြပါတယ်။ ကရင်နီပါတီ (KNPP) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့တွေကတော့ ကိုယ်စားလှယ်တက်ရောက်နိုင်ခြင်းမရှိဘဲ စာ တမ်းနှစ်စောင် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ ဝအဖွဲ့ (UWSP) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက NCA စာချုပ်ကို ဆွေးနွေးပုံဖော်ခဲ့ကြပေမယ့် ပြည်တွင်းစစ် ရပ် စဲနိုင်ခြင်းမရှိခဲ့ကြရုံမက ပိုမိုလို့တောင် ပြင်းထန်သည်းသန် လာခဲ့ ကြကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ပြန် လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်၊ လုပ်ငန်းစဉ်သစ်တစ်ရပ် ရှာဖွေရန် လိုအပ်နေပြီဖြစ်ကြောင်း အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ သူက ဆက်လက်ပြီး မျက်မှောက် ကာလမှာ တပ်မတော်နဲ့   မြောက်ပိုင်းရှိ NCA လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွား နေတဲ့ စစ်ပွဲတွေဟာ တစ်နေ့တခြား ဆိုးဝါးပြင်းထန်လာနေသလို စစ်ဘေးဒဏ်သင့် ပြည်သူများရဲ့ အရေအတွက် တိုးတက်ကြီးထွား လာနေသလို စစ်ဘေးရှောင်ပြည်သူများရဲ့ ဒုက္ခတွေကလည်း ပိုမို တိုးပွား များပြားလာနေကြောင်း၊ ဒီပြဿ      နာတွေကို NCA စာ ချုပ်ကလည်း ဖြေရှင်းမပေးနိုင်ကြောင်း၊ ဒါ့အပြင် NCA စာချုပ် ရဲ့ တားဆီးကန့်သတ်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်ပင် လျှင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေဆိုက်နေကြောင်း၊ NCA စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ အုပ်စု၊ မရေးထိုးတဲ့ အုပ်စု နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ အုပ် စုဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်အုပ်စု သုံးစု ကွဲသွားခဲ့ရ ကြောင်း၊ NCA စာချုပ် အခြေခံပေါ်မှာ ဒီလို ကွဲပြားနေတဲ့ အုပ်စု တွေကို ပေါင်းစည်းပေးနိုင်တဲ့ အနေအထားလည်း လုံးဝမရှိ ကြောင်း၊ ထို့ကြောင့် ပန်ဆန်းထိပ်သီးအစည်းအဝေးကနေ NCA အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ်လုံးကို ပြန်လည်သုံးသပ် ပြီး ငြိမ်းချမ်းရေးလမ်းစဉ် လုပ်ငန်းစဉ်သစ် ရှာကြံကြရန် လိုအပ် နေပါပြီလို့ တိုက်တွန်းပြောကြားသွားခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ပန်ဆန်းညီလာခံကနေ အချက် ၉ ချက်ပါဝင်တဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်မှာ ‘ပင်လုံစိတ်ဓာတ်’ကို ဖွင့်ဆိုချက် ပါဝင် တဲ့ ‘ဝ’ပြည်နယ်ရဲ့ အထွေထွေ မူဝါဒနဲ့ အသေးစိတ်တောင်းဆို ချက်တွေကို ညီလာခံက သဘောတူ ထောက်ခံတယ်လို့ ဖော်ပြ ထားပါတယ်။ အသေးစိတ် တောင်းဆိုချက်တွေထဲမှာ ရှမ်းပြည် နယ်လွှတ်တော်ရဲ့ မြောက်ပိုင်းအဖွဲ့အပေါ် ‘အကြမ်းဖက်အဖွဲ့’ အဖြစ် သတ်မှတ်ချက်ကို ရုပ်သိမ်းပေးရေး၊ တပ်မတော်ရဲ့ ထိုးစစ် များကို ရပ်ဆိုင်းပေးရေး၊ နိုင်ငံရေးပြဿ      နာများကို စစ်ရေးနည်း ဖြင့် ခြိမ်းခြောက်ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးဖြေရှင်းရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။ အခြေခံမူဝါဒဆိုင်ရာ သဘောထား တွေမှာတော့ NCA စာချုပ်ကို ‘ပင်လုံစာချုပ်’အဖြစ် အစားထိုး ခြင်းကို လက်မခံနိုင်ဘဲ တရားမျှတတဲ့ NCA စာချုပ်တစ်ရပ် ဖြစ် လာစေရန် ကြိုးပမ်းသွားရေးဖြစ်ပါတယ်။ NCA စာချုပ်သစ်တစ် ရပ် ပြန်လည်ချုပ်ဆိုရေးကို တိုက်တွန်းပြီး အပစ်ရပ်စာချုပ်သစ် အခြေခံပေါ်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်သွား ရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂနဲ့ တရုတ်ပြည်တို့ ကြီးကြပ်သူအဖြစ် ကြားဝင်ဆောင်ရွက်ပေးရန် ဖြစ်တယ်။ ဒေသတွင်း ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာမှာ တရုတ်ပြည်ရဲ့ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု'(One Belt, One Road) မူဝါဒအတိုင်း အကောင်အထည်ဖော်ရေးကို သဘောတူကြောင်း ဖော်ပြထားခဲ့ပါတယ်။

ညီလာခံဂယက်
‘ပန်ဆန်းညီလာခံဆုံးဖြတ်ချက်’ ထွက်ပေါ်လာချိန်မှာ အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကောင်စီ (NRPC) ၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေအကြား အတော် ဂယက်ရိုက် လှုပ်ရှားသွားပြီး သဘောထားအမြင် အမျိုးမျိုးလည်း ထွက်ပေါ် လာခဲ့ကြပါတယ်။ ပန်ဆန်းညီလာခံ ဆုံးဖြတ်ချက်ဟာ NCA ကို အပစ်အခတ်ရပ်စဲရေးစာချုပ်သစ်နဲ့ အစားထိုးဖို့ ကြိုးပမ်းတာ လား၊ စာချုပ်ကို ပစ်ပယ်ပြီး ပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်ရေးကို ငြင်းဆန်လိုက်တာလား စတဲ့ မေးခွန်းများစွာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက တော့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အာဏာ၊ သြဇာခံ နယ်မြေ၊ တပ်ဖွဲ့အင်အား အနေအထားတွေက   ကြည့်ရင်တော့ NCA က ချမှတ်ထားတဲ့ အကန့်အသတ်၊ မူဘောင်တွေဟာ မပြည့်စုံပါဘူး။ ဒါတွေကို သူတို့ ကျော်လွှားပြီး လမ်းကြောင်းသစ် ရှာချင်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု အကျိုး၊ ငြိမ်းချမ်းရေးအကျိုး စဉ်းစားရာမှာတော့ အားလုံးနဲ့ ဘုံ သဘောထား ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး အရေးကြီး ပါတယ်။ လမ်းကြောင်းဟောင်း၊ လမ်းကြောင်းသစ်တွေရဲ့ ကောင်းမွေ၊ ဆိုးမွေတွေ စုစည်းပေါင်းချုပ်ပြီး အားလုံး ဘုံသဘော ထားတစ်ရပ် ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်။ သဘောထားကွဲ၊ အုပ်စုကွဲတွေနဲ့တော့ ငြိမ်းချမ်းရေးကို တည် ဆောက်လို့ ရမှာမဟုတ်ဘူးလို့ သူ့သဘောထားကို တင်ပြသွား ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကတော့ NCA လမ်းကြောင်းက ခွဲထွက်တာမျိုးကိုတော့ အစိုးရ ကြိုက်မယ်မထင်ဘူး။ ဒါပေမဲ့ အစိုးရဘက်က NCA ကို ဖော်ဆောင်ရာမှာ သဘာဝမကျမှု၊ အားနည်းမှုတွေ အမှန်ပဲ ရှိနေတယ်။ ဒီဘက်မှာ အားနည်းချက် တွေ ရှိသလို ဟိုဘက်မှာလည်း ပြုပြင်သင့်တာတွေ ရှိနေမှာပဲ။ တကယ်တမ်း ငြိမ်းချမ်းရေးလိုချင်ရင်တော့ နိုင်ငံရေးစားပွဲဝိုင်းမှာ စိတ်ရှည်သည်းခံစွာ ကိုယ်ကိုယ်တိုင် ပြင်ဆင်ပြသလို သူတို့ကို လည်း ပြင်ဆင်သွားကြဖို့ တိုက်တွန်းကြရမှာပဲလို့ ရှင်းပြသွား ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တော့ NCA လမ်းကြောင်း ဖြစ်စေ၊ NCA မဟုတ်တဲ့ သီးသန့် လမ်းကြောင်းဖြစ်စေ၊ ဘယ်လိုပဲ လမ်းကြောင်းမတူသည်ဖြစ်စေ ပန်းတိုင်တော့ တူကြရမှာပါပဲ။ ပန်းတိုင်ဆိုတာ ဒီနေ့ တိုင်းရင်း သားတွေ ပြောဆိုနေတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို သွားရမှာပါပဲ။ ဒီလို ဖက်ဒရယ်စနစ်ကို သွားဖို့အတွက် နိုင်ငံ ရေးဆွေးနွေးပွဲတွေ ကျင်းပနေတာပါပဲ။ ပန်ဆန်းညီလာခံက ထွက်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှု ပုံစံသစ်ဆိုတာ ဘယ်လိုပုံစံ မှန်း မသိသေးဘူး။ အစိုးရရဲ့ မူဝါဒကတော့ နိုင်ငံရေးဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာဖို့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်။ မည်သည့် အဖွဲ့နဲ့မဆို ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိပါတယ်။ NCA စာချုပ်မှာ နိုင်ငံရေးဆွေးနွေးပွဲက တစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအထိ ခိုင် မာတဲ့ လမ်းပြမြေပုံရှိပြီး ဖြစ်ပါတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

NCA ဘာလဲ၊ ဘယ်လဲ
တကယ်တော့ NCA စာချုပ်ဆိုတာ အဓွန့်ရှည်တည်တံ့ မယ့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံတစ်ချပ်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ ရေးဆွဲကြစဉ်က ချမှတ်ခဲ့ကြတဲ့ နိုင်ငံရေးလမ်းပြမြေပုံမျိုးပါပဲ။ ဖွဲ့စည်းပုံရေးဆွဲဖို့ လမ်းပြမြေပုံ ရေးဆွဲချိန်ကလည်း အမျိုးသားညီလာခံမှာ ပါဝင် သင့်၊ ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့် မရခဲ့တဲ့ အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ် မလာခဲ့ဘဲ ဒီနေ့အထိ ပြုပြင်စရာ ပြဿ      နာများစွာ ရှိနေတဲ့ ဖွဲ့ စည်းပုံ ဖြစ်နေရတာပါ။ ဒီနေ့ ငြိမ်းချမ်းရေးထူထောင်ပြီး ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချမှတ်ထားတဲ့ NCA လမ်းပြမြေပုံအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေး ဆုံးဖြတ်ရာမှာ တန်းတူညီမျှမှု မရှိရင် ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့် မရ၊ ဆုံးဖြတ်ခွင့် မရခဲ့ရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စု ထူထောင်နိုင်မှာ မဟုတ်သလို အဓွန့်ရှည်တည်တံ့တဲ့ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်မှာ မဟုတ်ပါဘူး။

အဓွန့်ရှည်တည်တံ့တဲ့ ပြည်တွင်းစစ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့၊ နိုင်ငံ ရေးနည်းနဲ့ ပြဿ      နာတွေ ဖြေရှင်းဖို့ NCA ဆွေး နွေးပွဲတွေကို ဦးဆောင်ခဲ့တဲ့ အင်အားစုတွေဟာ မွန်ပြည်သစ်ပါတီနဲ့ ကချင် KIO အဖွဲ့ အစည်းတွေ ပဲ ဖြစ်ခဲ့ကြပါတယ်။ NCA စာချုပ် ထွက် ပေါ်လာရေး အတွက် အစိုးရဘက်က မူကြမ်းလေးစောင်၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ဘက်က မူကြမ်းတစ်စောင် ရေးဆွဲခဲ့ကြတာပါ။ ဒီမူကြမ်းငါး စောင်ကို တစ်ခုတည်းသော မူကြမ်းဖြစ်လာရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (NCCT) တို့ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါ တယ်။ ၂ဝ၁၅၊ မတ် ၃ဝ ရက်မှာတော့ ပဉမမြောက်မူကြမ်းကို NCCT နဲ့ UPWC တို့ တစ်ဖက်သုံးဦးစီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီပွဲမှာ သမ္မတဦးသိန်းစိန် ပါဝင်တက်ရောက်ခဲ့တဲ့အတွက် ပဉ္စမ မူကြမ်းကို စာချုပ်အပြီးသတ် လက်မှတ်ရေးထိုး အတည်ပြု လိုက်ကြပြီလို့ တစ်တိုင်းပြည်လုံးက ထင်မှတ်မှားနေခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်က ပဉ္စမမူကြမ်းမှာ ဆက်လက်ဆွေးနွေး ညှိနှိုင်းပြုပြင်စရာ အချက်အလက်တွေ ကျန်ရှိနေပါသေးတယ်။ အာဏာလွှဲပြောင်းမပေးမီ ငြိမ်းချမ်းရေးဗိသုကာအဖြစ် အုတ် မြစ်ချပွဲကြီး ကျင်းပချင်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆန္ဒကြောင့် မူကြမ်းကို လက်မှတ်ထိုးပွဲ ကျင်းပလိုက်ရတာ ဖြစ်ပါတယ်။ အဖွဲ့ အစည်းအားလုံးရဲ့ ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေး ထိုးလိုက်ရတာ မဟုတ်ပါဘူး။ ဒီအတောအတွင်း ကိုးကန့်စစ်ပွဲကို အကြောင်းပြုပြီး တပ်မတော်က ကိုးကန့် (MNDAA) အဖွဲ့၊ ပလောင် (TNLA)အဖွဲ့ နဲ့ ရခိုင် (AA) တွေကို NCA လက်မှတ် ထိုးပွဲမှာ ပါဝင်ခွင့်မပြုနိုင်ဘူး။ ဒီအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်း ရေး စစ်ပွဲတွေ ဆက်လက် ဆင်နွှဲမယ်ဆိုတဲ့ သဘောထားကို ဖော်ပြလိုက်ပါတယ်။ UNFC အဖွဲ့ဝင်တချို့က လက်မခံနိုင်ခဲ့ ကြပါဘူး။ ဒီမှာတင် အားလုံးပါဝင်ရေးကို တောင်းဆိုတဲ့ UNFC အဖွဲ့ဝင်တွေက NCA မှာ ပါဝင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြ ပါဘူး။ အားလုံးမပါဝင်လည်း လက်မှတ်ထိုးမယ်ဆိုတဲ့ UNFC အဖွဲ့ဝင်တချို့ကသာ NCA စာချုပ်ကို သမ္မတဦးသိန်းစိန်အလိုကျ လက်မှတ်ရေးထိုးလိုက်ကြ တာပါ။ ဒီလိုနဲ့ UNFC အဖွဲ့မှာ NCA လက်မှတ်ရေးထိုးတဲ့ အုပ်စုနဲ့ လက်မှတ်မထိုးတဲ့ အုပ်စုဆိုပြီး ကွဲ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်မှတ်ထိုးလိုက် တဲ့ NCA စာချုပ်ဟာ မူကြမ်းသာဖြစ်ပြီး ဆက်လက်ပြင်ဆင်ဖို့ ညှိနှိုင်းဆွေးနွေးစရာတွေ ရှိသေးတယ်ဆိုတာတော့ UNFC အဖွဲ့ဝင်အားလုံး နားလည် လက်ခံထားပြီး ဖြစ်ပါတယ်။

ဆုံမှာလား၊ ဆုံးမှာလား
ဘယ်လိုပဲဖြစ်ဖြစ် လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ခရီးဆက်ရေးမှာ အဓိက အတားအဆီးဖြစ်နေတာ NCA စာ ချုပ် ဖြစ်နေခြင်းပါပဲ။ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်က NCA လက်မှတ်မထိုးရင် ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပြုနိုင်လို့ အလျင်အမြန် လက်မှတ်ထိုးပေးကြဖို့ အကြိမ်ကြိမ် တောင်းဆိုမေတ္တာရပ်ခံနေ ပါတယ်။ တစ်ချိန်တည်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လည်း ဂျပန်လုပ်ငန်းရှင်ကြီးများအဖွဲ့နဲ့ တွေ့ဆုံရာမှာ NCA စာချုပ်နဲ့ပတ်သက်လို့ နည်းနည်းမျှ အလျှော့အတင်း၊ အပေး အယူ လုပ်မှာမဟုတ်ကြောင်း သဘောထား ဖော်ပြလိုက်ပါတယ်။ ဒီသဘောထားတွေအရဆိုရင် မကြာခင် ကျင်းပတော့မယ့် ဒုတိယအကျော့ ပင်လုံညီလာခံမှာ NCA လက်မှတ်မထိုးရသေး တဲ့ UNFC အဖွဲ့ဝင်တွေ ပါဝင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အလားတူ ‘ဝ’အဖွဲ့ (UWSA) နဲ့ မိုင်းလားအဖွဲ့တွေလည်း ပင်လုံ အစည်းအဝေးမှာ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

လက်မှတ်မထိုးသေးတဲ့ UNFC အဖွဲ့ဝင်များနည်းတူ ‘ဝ’ အဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေလည်း ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လိုတဲ့ ဆန္ဒ ရှိ ကြပါတယ်။ ဒါပေမဲ့ NCA စာချုပ်ကို လက်ရှိအနေအထားအတိုင်း ပါဝင်ထိုးဖို့ ဆန္ဒမရှိသလို လိုလည်း မလိုအပ်ဘူးလို့ ယူဆနေကြ ပါတယ်။ တကယ်တော့ NCA စာချုပ်ဆိုတာ အစိုးရနဲ့ UNFC အဖွဲ့တွေ ကြားက ပြဿ      နာသာ ဖြစ်တယ်။ သူတို့က ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး အပစ်အခတ်ရပ်စဲထား တာ နှစ်ပေါင်း ၂၅ နှစ် ကြာခဲ့ပြီဖြစ်လို့ NCA ပြဿ      နာဟာ သူတို့ ပြဿ       နာမဟုတ်ဘူး။ ဒါပေမဲ့ ပင်လုံညီလာခံမှာ သူတို့ ပါဝင်တက် ရောက်ခွင့်ကို NCA စာချုပ်နဲ့ ကန့်သတ်တားဆီးထားခြင်းကို လက်မခံနိုင်ကြဘူး။ ပိုဆိုးတာ NCA လက်မှတ်မထိုးတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်မှတ်ထိုးလာအောင် စစ်ရေးဖိအား အပြင်းအထန်ပေးလာတာကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ NCA လက်မှတ်ထိုးရေး အတွက် စစ်ရေးဖိအားပေးမှုတွေဟာ တစ်ချိန်ချိန်မှာ သူတို့ဆီကို ရောက်လာနိုင်တယ်လို့ တွက်ဆထားပြီး ဖြစ်ပါတယ်။ ဒီလိုအခြေ အနေမှာ ဝ၊ မိုင်းလားနဲ့ မြောက်ပိုင်း UNFC တို့ရဲ့ ပန်ဆန်းညီလာ ခံ ဆုံးဖြတ်ချက်တွေ ထွက်လာခဲ့ပုံရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပန်ဆန်းညီလာခံ ဆုံးဖြတ်ချက်ဟာ NCA စာချုပ်ကို အပစ်အခတ်ရပ်စဲရေး စာချုပ်အသစ်နဲ့ အစား ထိုးတဲ့ ကြိုးပမ်းမှုတစ်ရပ်တော့ မဟုတ်ပါဘူး။ NCA စာချုပ်ကို တရားမျှတတဲ့၊ အားလုံးလက်ခံနိုင်တဲ့ စာချုပ်တစ်ရပ်ဖြစ်အောင် ဆွေးနွေးညှိနှိုင်း ပြုပြင်ရေးသာ ဖြစ်ပါတယ်။ လက်ရှိNCA စာ ချုပ်ဟာ လက်တွေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲအောင် မလုပ်နိုင်ဘူး။ NCA ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား ညီညွတ်ရမယ့်အစား အုပ်စုတွေ ကွဲပြားခဲ့ရတယ်။ ဒါ ပေမဲ့ ဘယ်အုပ်စုကမှလည်း NCA စာချုပ်ကို ပြည့်စုံကောင်းမွန် တယ်လို့ မယူဆကြဘူး။ NCA စာချုပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကန့်အသတ် ဖြစ်လာရုံမက စစ်ပွဲတွေ ကျယ် ပြန့်လာပြီး အရှိန်အဟုန် ကြီးထွားမြင့်မားလာတယ်။

ဒါကြောင့် မူကြမ်းကို မူချောလုပ်ပြီး လက်မှတ်ရေးထိုး ခိုင်းတဲ့ NCA အစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရေး အာမခံချက်ပေးမယ့် NCA အသစ်ပေါ် ပေါက်လာအောင် အားလုံးပါဝင်ညှိနှိုင်းသုံးသပ် ဆုံးဖြတ်လက် မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ တကယ်လို့ NCA ကို ပြုပြင်ခွင့် မပေးရင် ပြည်တွင်း စစ်အရှိန်အဟုန် နှစ်ဆလောက် မြင့်တက်ပြီး ပြည်သူတွေ သိန်းနဲ့ ချီပြီး ဒုက္ခရောက်နိုင်ပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံလည်း ဆုံးခန်းတိုင်သွားနိုင်ပါတယ်။ ဒီနေ့၊ ဒီအချိန်ဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုံမှာလား၊ ဆုံးမှာလားဆိုတာ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ လမ်းဆုံမှာ ဆုံကြမလား၊ လမ်းဆုံးထိ လိုက်ကြမလား အားလုံးကို မေးရပါ လိမ့်မယ်။ ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."