ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီပြတ်လပ်မှာစိုးရိမ်တဲ့အတွက် အလုအယက်ဝယ်ယူနေကြတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းပရဟိတအသင်းတွေဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မုံကိုး၊ ချင်းရွှေဟော် အစရှိတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်နဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေက ပိတ်ဆို့ထားပြီး လမ်းအသုံးပြုမှုကို အကန့်အသတ်မရှိရပ်ဆိုင်းထားတယ်လို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြတယ်လို့ ကွတ်ခိုင်မြို့နယ် ဒေသခံပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်က စက်သုံးဆီဆိုင်မှာတော့ ဒီနေ့မနက်ပိုင်းကစပြီး ဒေသခံတွေဟာ ဆီပုံးတွေနဲ့ တိုးဝှေ့ဝယ်ယူနေကြတယ်လို့ သူကပြောပါတယ်။
“လမ်းကအခြေအနေမကောင်းတော့ ဆီဘောက်ဆာကားကြီးတွေလည်း ဒီရက်ပိုင်းတက်လာဖို့မလွယ်ဘူး။ အဲ့ဒါဆီပြတ်တော့မယ်ဆိုပြီး ပုံးတွေနဲ့ ဆီဆိုင်တွေမှာတိုးဝယ်နေကြတယ်” လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်ကလည်း စက်သုံးဆီအလုံအလောက်မရတာကြောင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ခဲ့ပြီး အကန့်အသတ်နဲ့ပဲ ရောင်းချပေးခဲ့ရပါတယ်။
လက်ရှိမှာလည်း ရှမ်းမြောက်ဒေသခံတွေက မနှစ်ကလို စက်သုံးဆီပြတ်လပ်မှုဖြစ်မှာစိုးရိမ်တဲ့အတွက် အခုလို စက်သုံးဆီကို ကြိုတင်စုဆောင်းဝယ်ယူနေကြတာလို့ လားရှိုးမြို့က ခရီးသည်တင်ကားမောင်းနှင်သူတစ်ဦးက ပြောပါတယ်။
“မနှစ်ကလိုထပ်ဖြစ်မှာစိုးလို့ အခုကတည်းကကြိုစုဝယ်နေကြတာ။ ကျွန်တော်တို့ လိုင်းကားတွေတော့ ထွက်လို့ရမရမသိပေမယ့် ဆီရှိမှဖြစ်မှာလေ။ အခုက ရှိသေးတယ်ဆိုပေမယ့် ဒီကိစ္စက ဘယ်လောက်ကြာမယ်မသိတော့ ကြိုစုထားရတာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ကနေစလို့ တရုတ်နယ်စပ်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပိတ်ထားရကာ တရုတ်နယ်စပ်ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းနေပြီး နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပုံစာ – ကွတ်ခိုင်မြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်ကို ဒီမနက်ပိုင်းကတွေ့မြင်ရစဉ်
Photo – ပေးပို့

