ပင်လောင်း-၂၀၂၄ မေ ၂၈ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေ စတဲ့မြို့နယ်တွေမှာ ယခုနှစ် ဇန်နဝါရီကနေ အခုလ ၁၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးလကျော်အတွင်း အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၇၅ ဦးထဲမှာ ၁၈ နှစ်အောက်ကလေးငယ် ၁၃ ဦးပါဝင်ပါတယ်။ အဲဒီကလေးငယ်တွေထဲက လသားအရွယ်ကနေ ၁၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ် ၁၁ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရှောင်နေစဉ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီတာကြောင့် သေဆုံးခဲ့ပြီး ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်နှစ်ဦးကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်တာခံခဲ့ရတာလို့ PYO က ဆိုပါတယ်။
“အကြောင်းရင်းအများစု လက်နက်ကြီးထိမှန်သေဆုံးတာ၊ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးတာ၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ သတ်ဖြတ်ခံရတာတွေ ဖြစ်ပါတယ်။ အခုလက်ရှိ မြေပြင်တိုက်ပွဲ တည်ငြိမ်နေတာလည်း မဟုတ်သလို နေ့စဉ်ပြင်းထန်နေခြင်းမျိုးလည်း မဟုတ်ဘူး။ လာမယ့်ကာလမှာ ဆက်ပြင်းထန်လာနိုင်သလို ဒီအတိုင်း အနေအထားနဲ့လည်း ဆက်တော့ရှိနေဦးမယ်” လို့ PYO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ယခုနှစ် ဇန်နဝါရီ ၂၁ ရက်ကနေ လက်ရှိအချိန်အထိ ရက်ပေါင်းတစ်ရာကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၉၉ ဦးအထိရှိပြီး အဲဒီထဲကကလေးငယ် လေးဦးပါဝင်တဲ့ ဒေသခံ ၁၇ ဦးဟာ နေရပ်ပြန်ရင်း စစ်ကျန်လက်နက်ပစ္စည်းတွေ ထိမှန်ပေါက်ကွဲတာကြောင့် ဒဏ်ရာရခဲ့တာလို့ PYO က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံစစ်ဘေးရှောင်ဦးရေဟာ ခြောက်သောင်းဝန်းကျင်ရှိနေပြီး သူတို့ဟာ နီးစပ်ရာတောတောင်တွေ၊ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေရသလို စစ်ရှောင်ဦးရေများတာကြောင့် လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေလည်း မရကြဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။
ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံများ။
ဓာတ်ပုံ-ပေးပို့။

