ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ကားလမ်းတွေကို ပိတ်ထားတာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ရှမ်းမြောက်က စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ၎င်းစစ်ဘေးရှောင်တချို့က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ရပ်စောက်-နောင်ချို ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့လ ဒုတိယအပတ်မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။
ဒီလမ်းကြောင်းကို ပိတ်ထားတဲ့အတွက် တောင်ကြီး၊ ရပ်စောက် စတဲ့မြို့တွေကို စစ်ဘေးရှောင်လာရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါနဲ့ လားရှိုးမြို့တို့က ဒေသခံတွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ရပ်စောက်-နောင်ချိုလမ်းပိုင်းက တောင်ခမ်းရွာ အနီးမှာ ပြီးခဲ့တဲ့ လပိုင်းက စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေပြီး ဒီလမ်းပိုင်းကို ပိတ်ထားရတာပါ။
ဒါ့ပြင် ဒီလမ်းပိုင်းကနေ စစ်ကောင်စီဟာ တောင်ခမ်းဒေသကို စစ်ကူစစ်ကြောင်းတွေကို ပို့လွှတ်နေပြီး ရပ်စောက်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဟာ ရပ်စောက်မြို့နယ်ထဲထိ ဖြစ်ပွားလာပါတယ်။
ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားလာပြီး တိုက်ပွဲကာလ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ဦးကျော်ကျဆုံးခဲ့တယ်လို့ DPLA က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ရပ်စောက်-နောင်ချို ကားလမ်းပိုင်းမှာ ရှောင်ကွင်းလမ်းတစ်ခုဖြစ်တဲ့ ကျောက်ဂူ-နမ့်လန် လမ်းပိုင်း ရှိပေမယ့် တိုက်ပွဲတွေကြောင့် ခရီးသည်တင်ကားတွေ မထွက်တာ တစ်လနီးပါးရှိနေပြီလို့ ရပ်စောက်ကို ရောက်ရှိနေတဲ့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောက်မဲပြန်ချင်လို့ ကားဂိတ်စုံစမ်းနေတာ နှစ်ပတ်လောက်ရှိပြီ။ အခုထိ ဘာကားမှမထွက်ဘူး။ ကားသမားတွေကတော့ ဒီအချိန်မသွားနဲ့အုံး မသွားသင့်သေးဘူးပြောကြတယ်။ တက်မယ့်ကားလည်းမရှိဘူး။ ဒေသခံတွေ သူတို့ဘာသာတော့ သွားတာလာတာရှိတော့ရှိတယ်။ ဒါလည်း တော်တော်ခက်ခဲတယ်ပြောတယ်” လို့ ၎င်း ကျောက်မဲဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း နောင်ချိုမြို့ကို ပြန်ရရေး၊ တောင်ခမ်းက စစ်ကောင်စီစခန်းတွေ မကျရေးအတွက် စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းတချို့က ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းကို တောင်ပိုင်းဆက်သွယ်ထားတဲ့ နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ပြင်ဦးလွင်-နောင်ချို-သီပေါ ကားလမ်းမှာလည်း ရှမ်းမြောက်အတက်ကားတွေမှာ ကုန်တင်ခွင့် ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းခွင့်တွေ လက်ရှိအချိန်ထိ ပိတ်ထားတယ်လို့ဒေသခံတချို့က ပြောပါတယ်။
ဒါ့ပြင် ဒီလမ်းပိုင်းမှာ အိမ်စီးကားတွေနဲ့ ခရီးသည်တင်ပြီး ပြေးဆွဲတာရှိပေမယ့် လမ်းမှာ ခရီးသွားထောက်ခံစာပြသရတဲ့အပြင် ကားခကနေ သုံးသိန်းကနေ ငါးသိန်းထိ ကုန်ကျတယ်လို့ သီပေါဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတပ်တွေဟာ လားရှိုး၊ သီပေါ၊ နောင်ချိုအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေအများအပြားကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံရဲ့ဖိအားကြောင့် စစ်ဆင်ရေးရပ်ဆိုင်းထားတယ်ဆိုပေမယ့် ဒီမြို့တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေသေးပြီး စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ခက်ခဲနေတာပါ။
ပုံစာ – ရှမ်းမြောက်သီပေါမြို့အဝင် လမ်းပိုင်းတစ်နေရာ
ဓါတ်ပုံ – သီပေါဟစ်တိုင်

