ရေဦး – ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့မနက် ၉:၄၀ နာရီဝန်းကျင်က ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့တယ်လို့ Peoples Defense Comrade ဆီကသိရပါတယ်။
ရေမျက်ကျေးရွာကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Peoples Defense Comrade အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်ကပြောပါတယ်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ ရေဦးနယ်အနောက်ခြမ်းရေမျက်ကျေးရွာပတ်ပတ်လည်ကိုဗုံးကြဲချတယ်၊ပတ်ပတ်လည်စက်လက်နက်ကြီးတွေနဲ့ ဝဲပြီးပစ်တယ်”လို့သူကပြောပါတယ်။
ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်၅၀၀ ရှိတဲ့ ဗုံးသီးတွေကြဲချတာကြောင့် ကလေးတွေစာသင်နေတဲ့စာသင်ကျောင်းမှာ ဗုံးကျပေါက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိသလို ဘုန်းကြီးကျောင်းကဘုရားတွေထိပြီးပြိုကျပျက်စီးတာရှိတယ်လို့ သူကပြောပါတယ်။
ဒီကနေ့လေကြောင်းကနေ ဗုံးကြဲတာကြောင့်ရွာသားတွေထွက်ပြေးနေရပြီး လူထိခိုက်မှုနဲ့ ပျက်စီးမှုအသေးစိတ်ကိုမသိရသေးဘူးလို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မေလ ၉ရက်ကလည်း ထန်းတောရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အုတ်တံတိုင်းတွေပြိုကျပျက်စီးခဲ့ပါတယ်။
ပုံစာ – ရေမျက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း
ဓာတ်ပုံ – ရေဦးပကဖ
#Dailynews

