ဆားလင်းကြီး – ၂၀၂၂ မတ် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ညပိုင်းက ဆားလင်းကြီးမြိုနယ်၊ မန်ကျည်းတစ်ထောင် ကျေးရွာဘက်ကတက်လာတဲ့ အင်အား ၇၀ ခန့်ပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ မင်းစုကျေးရွာ၊ တဲစုကျေးရွာ များကိုဖြတ်ပြီး မတောင်းတ(တောင်)ရွာ မြောက်ဘက်ကနေ ပစ်ခတ်ရာ လူနေအိမ်အတွင်းသိုကျရောက်ပြီး ကျေးရွာအတွင်းက ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
“ည ၈း၂၀ လောက်က လက်နက်ကြီး ကျည် (၂)ချက် ထိမှန်တယ်လိုကြားတယ်။ ညကိုးခွဲလောက်ကလည်း ဇီးဖြုပင်ရွာထဲလက်နက်ကြီး ကျည်ကျတယ်” လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ကျားတက်ကျေးရွာဘက်က တက်လာတဲ့ ခန့်မှန်းအင်အား ၇၀ နဲ့ ၁၀၀ ကြားမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းဟာ တရားကျေးရွာအတွင်းကို ရောက်ရှိပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ၀င်ရောက်မွှေနှောက်ရှာဖွေခဲ့ကြပါတယ်။
နေအိမ်တွေက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာတွေ၊ ကျေးရွာအတွင်းရှိ ကြက်၊၀က် စသည့်တိရိစ္ဆာန်တွေကိုသတ်ဖြတ်စားသောက်တာတွေ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းဘက်က တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းကတော့ ကျောက်မျက်ကျေးရွာအနီး ရောက်ရှိနေပြီး အင်အား ၃၀ ခန့် ပါတယ်လို့ ဒေသခံကပြောပါတယ်။
အဆိုပါစစ်ကြောင်းတွေကြောင့် ဆားလင်းကြီးမြိုနယ်အတွင်းရှိ ကျေးရွာအများအပြားက ပြည်သူသုံးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
#Dailynews

