ယင်းမာပင် − ၂၀၂၃ မေ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီတိုက်လေယာဉ်နှစ်စီးဟာ ဒီကနေ့မွန်းလွဲ ၂း၀၀ ဝန်းကျင်လောက်မှာ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မန္တလေး၊ တံတားဦးလေတပ်စခန်းကနေ တက်လာတာပါ။
“ပထမတစ်စီးက ရွာပေါ်ကို ငါးပတ်ပတ်ပြီးမှပစ်တာ။ တခါပစ်ရင် မီးခိုးတန်းနှစ်ခုမြင်တယ်။ အသံတွေကကျယ်ကျယ်လောင်လောင်ပဲ။ အတွေ့ကြုံမရှိတော့ ကြောက်စရာပါဗျာ” လို့ ဒေသခံကပြောပါတယ်။
ဒီလေယာဉ်နှစ်စီးဟာ ကပိုင်ရွာရဲ့အရှေ့ဘက်ချောင်းစပ်လမ်းပေါ်က အဖြူရောင်ဖောကားကိုပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီအနားမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ကားတွေပါရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီကနေ့ ကပိုင်ရွာတောင်ဘက်မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့လမ်းကို ပြင်နေတဲ့ပြည်သူတွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီလိုလာရောက်ပစ်ခတ်လို့ မြေသယ်နေတဲ့ ဖောကားနှစ်စီးပျက်စီးသွားပြီး ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။
ကပိုင်ရွာကို လေယာဉ်တွေလာရောက်ပစ်ခတ်သလို ကပိုင်နဲ့ရွာချင်းဆက်နေတဲ့ သီးကုန်းရွာကိုလည်း ဗုံးနှစ်လုံးကြဲသွားသေးတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ − ယနေ့ကပိုင်ရွာသို့ လေကြောင်းဖြင့်လာရောက်ပစ်ခတ်သွားစဉ်
ဓါတ်ပုံ − Mawkun Magazine
#Dailynews

