မြိုင် – ၂၀၂၃ ဧပြီ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ်က Mi 35တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ဒီနေ့မနက် ၁၁ :၀၀ ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖက တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။
” တစ်ရွာလုံးကိုပတ်ပစ်သွားတာ၊ ဆေးရုံတွေကော၊ ပစ်တာ တစ်နာရီကျော်လောက်ကြာတယ်၊ ရဲဘော်တွေတောင်ခုမှအဆက်သွယ်ရတာ၊ ရွာထဲမှာရွာသားတွေလည်းရှိနေတယ်၊ ထိခိုက်မှုကတော့အတည်မပြုနိုင်သေးဘူး”လို့ ဗိုလ် Corss က မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ Mi 17နှစ်စီးနဲ့ စစ်သားတွေကိုမန်ကျည်းကန်ရွာအနီးချခဲ့ပြီးနောက် Mi 35 နှစ်စီးနဲ့ မြေပြင်ကိုပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။
” လေယာဥ်နဲ့ကျဲသွားပြီ၊ မြေပြင်မှာမီးလောင်နေတဲ့မီးခိုးလုံးတွေ့နေရတယ်၊ မီးရှို့တာလား၊ လေယာဥ်ကပစ်တဲ့ဟာလောင်တာလားသေချာမသိရသေးဘူး၊ Mi 35ကအကြာကြီးဝဲနေသေးတယ်”လို့ မန်ကျည်းကန်ရွာအနီးဒေသခံတစ်ဦးကဆိုပါတယ်။
မန်ကျည်းကန်ရွာအတွင်းက ဒေသခံရွာသားတွေတိမ်းရှောင်ချိန်မရဘူးလို့သိရပြီး လတ်တလောမှာ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။
ဧပြီ ၁၁ရက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာက ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ရပါတယ်။
#Dailynews

