ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၄ (မော်ကွန်း)
ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှုန်းအနည်းငယ် တည်ငြိမ်နေပြီး ဝယ်လိုအားမြင့်တက်လာတယ်လို့ ရန်ကုန်ရွှေဈေးကွက်ဆီက သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်းက ဆက်တိုက်ကျဆင်းခဲ့တဲ့ ရွှေဈေးနှုန်းဟာ ယခုလဆန်းပိုင်းကစပြီး ပြန်လည်တည်ငြိမ်သွားတယ်လို့ ရွှေအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဒီ အောက်တိုဘာ ၁ ရက်က စပြီး ငြိမ်သွားတာ။ ပြီးခဲ့တဲ့ စက်တင်ဘာမှာ (ကျပ်) ၃၈ သိန်းလောက်ကနေ ပြန်ပြုတ်ကျသွားလိုက်တာ အခု ၃၄ သိန်း ဝန်းကျင်မှာ ပြန်ငြိမ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၄ သိန်းကျော်မှာ ရှိနေပါတယ်။
ရွှေဈေးကွက် စောင့်ကြည့်လေ့လာသူတစ်ဦးကတော့ ရွှေဈေးကျဆင်းနေတာကြောင့် ဝယ်လိုအားပြန်လည်မြင့်တက်လာကာ အဝယ်ဆက်လက်မြင့်တက်နေပါက ဈေးပြန်တက်လာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
“အရင် အမြင့်ဈေးတက်ထားတော့ အခုပြန်ကျတယ်ဆိုပြီး အဝယ်ပြန်လိုက်လာတယ်ပြောရမယ်။ တကယ်တော့ ဝယ်တာမလောစေချင်ဘူး။ အဝယ်များလာရင် ဈေးကပြန်လိုက်တက်လာဦးမယ်။ အခုက ဈေးကွက်မှာ ကြောက်ရောင်းကြောက်ဝယ်ဖြစ်နေတယ်။ တက်လာရင်ပြေးရောင်းပြေးဝယ်ကြ၊ ကျလာရင်လည်း ပြေးရောင်းပြေးဝယ်ကြတဲ့ အခြေအနေဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ သီတင်းပတ်တစ်ပတ်အတွင်း တစ်အောင်စကို ဒေါ်လာ ၄၀ ခန့်ထိ ကျဆင်းသွားပေမယ့် ပြည်တွင်းရွှေဈေးက လိုက်ပါမကျဆင်းခဲ့ပါဘူး။
ပြည်တွင်းရွှေဈေးဟာ ဈေးကွက်ထဲမှာ တစ်ကျပ်သား ကျပ် ၃၄ သိန်းကျော်ဖြစ်နေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့မနက်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးက တစ်ကျပ်သားကို ကျပ် ၂၁ သိန်းကျော်မှာပဲ ရှိနေပါတယ်။
ဓာတ်ပုံ – YGEA

