ရန်ကုန် – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း)
ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ဒေသခံတွေထွက်ခွာကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ မြို့တွင်းမှာ ပိတ်မိနေတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ မောင်တောမြို့က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး မြို့ပေါ်က စစ်ကောင်စီ လက်ကျန်စခန်းကို ရက်ပိုင်းအတွင်း ထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေ မြို့ကနေ ထွက်ခွာကြဖို့ ကြေညာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
“တိုက်ပွဲတွေစဖြစ်တည်းက ထွက်သွားတဲ့သူတွေရှိတယ်။ အဲဒီတုန်းက မထွက်ဘဲ ကျန်ခဲ့တဲ့သူတွေက အခုပိတ်မိနေတာပေါ့။ စစ်တပ်ကလည်း လူတွေ့တာနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ နေ့တိုင်းလုပ်နေတယ်။ ထွက်ခွင့်မပေးတဲ့ အခြေအနေမှာရှိတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မောင်တောမြို့အဝင်တံတားတွေ၊ လမ်းတွေမှာလည်း မိုင်းတွေထောင်ထားသလို တံတားတချို့ကိုလည်း ဖောက်ခွဲထားတာကြောင့် ဒေသခံတွေအနေနဲ့ ထွက်ခွာဖို့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက နယ်ခြားစောင့်စခန်းတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ လပိုင်းကစပြီး အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာတော့ မောင်တောဒေသက စစ်ကောင်စီစခန်းအားလုံးနီးပါးကို AA က အပြီးသတ်သိမ်းပိုက်ထားကာ မောင်တောမြို့ပေါ်က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကိုလည်း ဝိုင်းရံပိတ်ဆို့ထားတယ်လို့ AA က ထုတ်ပြန်ထားတာပါ။
ရခိုင်နိုင်ငံရေးသမားဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဒေသခံတွေ မောင်တောမြို့အပြင်ကို အမြန်ဆုံးထွက်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“ နောက်ဆုံးအကြိမ်သတိပေးတဲ့သဘောဖြစ်တယ်။ မထွက်ဘူးဆိုရင်တော့ တိုက်ပွဲကြားမှာ ကြားညပ်နိုင်တယ်။ စစ်ကောင်စီကလည်း ပြည်သူတွေကို ဓားစားခံလုပ်တာ လူသားဒိုင်းလုပ်ပြီး အသုံးချတာတွေ ဖြစ်နိုင်ချေရှိတယ်။ အဝေးကြီးထွက်စရာမလိုပါဘူး။ သူတို့အနေနဲ့လည်း သဘောပေါက်မယ်ထင်ပါတယ်။ မြို့အပြင်ထွက်တာနဲ့ AA ဘက်ကို ရောက်သွားပြီ။ သူတို့လည်း မရရတဲ့နည်းနဲ့ ထွက်ဖို့လိုတယ်” လို့ ဦးဖေသန်းက ပြောပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့ မောင်တောမြို့မှာ ဒေသခံထောင်နဲ့ချီကာ မြို့တွင်းပိတ်မိနေကြတာပါ။
ဒါ့အပြင် မောင်တောမြို့ပေါ်က စစ်ကောင်စီရဲ့ ခုခံစစ်ပြင်ထားတဲ့ နေရာတွေဖြစ်တဲ့ လမ်းမတွေ၊ လူနေအိမ်တွေ၊ တိုက်တာအဆောက်အအုံတွေပေါ်က စနိုက်ပါပစ်ခတ်ဖို့ ပြုလုပ်ထားတဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေမှာ အတူပူးတွဲနေထိုင်ခြင်းမပြုဖို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ AA ဟာ မောင်တောဒေသနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး ဘူးသီးတောင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မွတ်ဆလင်ဒေသခံ အများစုနေထိုင်တဲ့ ဘူးသီးတောင်၊ မောင်တော ဒေသတွေရဲ့ တိုက်ပွဲတွေအပေါ် နိုင်ငံတကာအဖွဲ့အစည်းရဲ့ စောင့်ကြည့်မှုတွေ ရှိနေပြီး အရပ်သားဒေသခံတွေကို အတင်းအကျပ်ပြောင်းရွှေ့တာ၊ နေအိမ်တွေ မီးရှို့ခံရခဲ့ပြီး စစ်ကောင်စီတပ်နဲ့ AA တို့အကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတဲ့ AA ဟာ လက်ရှိမှာ စစ်ကောင်စီတပ်တွေ ကျန်ရှိနေသေးတဲ့ မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
ပုံစာ – မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – AA Info Desk

