ကသာ – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားကြီးရွာကို စစ်ကောင်စီတပ်များ ဗုံးကြဲခဲ့လို့ နေအိမ်တွေနဲ့ စပါးဂိုဒေါင်တွေ မီးလောင်ပျက်စီးပြီး ကလေးငယ်တွေအပါအဝင် ပြည်သူတွေထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂:၃၈ ခန့်က စစ်ကောင်စီတပ်ဟာ ကသာမြို့နယ် မိုးတားကြီးရွာသို့ ဂျက်လေယာဥ် ၃ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်မိပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။
ထိခိုက်မိသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးက ညာဘက်လက်၊ ၇နှစ် အရွယ်ကလေးတစ်ဦးက ဘယ်ဘက်ခြေသလုံးနဲ့ ၁၄နှစ်အရွယ်ကလေးငယ်က ညာဘက်ပေါင်တို့ အသီးသီးထိမှန်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
အရပ်သားနေအိမ် ၁၀လုံးခန့် မီးလောင်ပျက်ဆီးခဲ့ပြီး စပါးဂိုဒေါင်တွေ၊ စပါးကျီတွေမီးလောင်ခဲ့လို့ စပါးတွေများစွာ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
မိုးတားကြီးအထက်တန်းကျောင်းအနီးက ကျူရှင်တစ်ခုရဲ့ စာသင်ဆောင်က စာအုပ်တွေလည်း မီးလောင်ကျွမ်းသွားပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးငါးလုံးကျန်ခဲ့ပြီး ရှင်းလင်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဓာတ်ပုံ- Supplied
#Dailynews

