မုံရွာ-၂၀၂၄ ဧပြီ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို မနေ့က ည ၇ နာရီဝန်းကျင်က ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“ ပစ်မှတ်တော်တော်များများထိမှန်တယ်လို့ သိထားရတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေ ထိတာတော်တော်တော့များတယ်။ ဗဟိုကင်းထိတယ်၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကျွမ်းကျင်က (စစ်/ဆေး)ဆရာဝန်တွေကအစ ထိတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူးဗျ” လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး မကြာခင်မှာ စစ်ကောင်စီလေတပ်က မုံရွာမြို့ပေါ်နဲ့ အနီးနားက မြို့နယ်တွေကို ဂျက်တိုက်လေယာဉ်နဲ့ပျံသန်းပြီး ကင်းလှည့်ခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
“မနေ့က ညပိုင်းက နမခပစ်ခံရပြီးတော့ မြို့ပေါ်မှာ လေယာဉ်ဝဲတာကြောက်စရာကြီး၊ ည ၉နာရီလောက်က ဂျက်လေယာဉ်နဲ့ဝဲနေတာ သုံးလေးကြိမ်လောက်ရှိတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမတွေ့ရပေမယ့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဆိုကြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နမခ ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အမြောက်တပ်ရင်း အမတ ၅၀၈ ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး အများအပြားနဲ့ တိုက်ခိုက်ခဲ့သလို ၂၀၂၃ ဒီဇင်ဘာ ၄ ရက်ကလည်း နမခရဲ့ ကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဆေးပစ္စည်းတွေ သိမ်းဆည်းခဲ့ပါသေးတယ်။
ပုံစာ-အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ရေးပြအခမ်းအနားပြုလုပ်နေစဉ်။
ဓာတ်ပုံ-cincds

