မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေလို့ ကျေးရွာ ငါးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့နယ်အတွင်းက သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာ ၊ပလ္လင်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ ကား (၁၂)စီးနဲ့ ဒီကနေ့ မနက် ၅း၀၀ နာရီဝန်းကျင်ကစပြီး ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပလ္လင်ကျေးရွာက နေအိမ်အတွင်း အိပ်ပျော်နေတဲ့ ပြည်သူ (၂)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“သေနတ်သံတွေလည်းကြားရတယ်။ မီးခိုးတွေလည်းတက်လာတယ်”လို့ ပလ္လင်ကျေးရွာအနီး ဒေသခံတစ်ဦးက ပြောပါတယ်။
မနက် ၉း၀၀ နာရီကျော်အထိ ရွာတွေထဲမှာရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ ၀၀နာရီကျော်ကျော်လောက်မှာတော့ ပလ္လင်ကျေးရွာ၊ သက္ကယ်ကျင်း ကျေးရွာများက ဒေသခံပြည်သူများရဲ့ ဆိုင်ကယ် ၁၅ စီးထက်မနည်း စစ်ကောင်စီတပ်တွေက သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မုံရွာမြို့ဟာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ခုခံတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေဆဲဒေသတစ်ခုဖြစ်ပြီး မြို့ပေါ်နဲ့နယ်ကျေးရွာတွေပါမကျန် စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။
#Dailynews

