မြောင် – ၂၀၂၂ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ ၁၀ ရွာကို ပြီးခဲ့တဲ့လက အာဏာသိမ်းစစ်တပ်ဟာ မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ ပြည်သူတွေဟာ ပင်ပန်းဆင်ရဲစွာနဲ့ နေထိုင်စားသောက်နေရကြောင်း ကူညီပေးနေသူတွေဆီက သိရပါတယ်။
မြောင်မြို့နယ်ထဲက မြစ်ဆုံရွာ၊ ဆူးလေကုန်းရွာ၊ သူဌေးကုန်းရွာ၊ နနွင်းကိုင်းရွာ၊ မာလကာခြံရွာ၊ ရွှေလှံရွာ၊ ဆင်ခြေရာရွာ၊ သုခဒီပရွာ၊ ဆင်လှောင်ရွာနဲ့ ပရိမ္မရွာတွေဟာ တတန်းတည်းဆက်တိုက် မီးရှို့ခံခံ့ရတာပါ။
မြစ်ဆုံကျေးရွာဆိုရင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ တစ်ထောင်နီးပါးရှိပြီး နေထိုင်စားသောက်ရေးတွေခက်ခဲနေတယ်လို့ ကူညီပေးနေသူကဆိုပါတယ်။
“မီးလောင်ပြင်မှာပဲ ဖြစ်သလို တဲထိုးနေကြတယ်၊ အလှူရှင်တွေပေးတဲ့ဆန်၊ ဆီ၊ ဆားတွေနဲ့ ဖြစ်သလိုစားသောက်နေကြရပါတယ်” လို့ မီးရှို့ခံနေရတဲ့ပြည်သူတွေကို ကူညီနေသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။
အအေးဒဏ်ပြင်းတဲ့ အညာဆောင်းရာသီကြောင့် ခြုံစောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေပါတယ်။
“နေစရာအိမ်တွေ မရှိတော့လို့ ဝမ်းနည်းကြတာကလွဲပြီး စစ်အာဏာရှင်ကျဆုံးရေးကိုတော့ သူတို့ဘယ်တော့မှနောက်မဆုတ်ကြဘူးလို့ပြောတယ်” လို့ ကူညီသူကဆိုပါတယ်။
လတ်တလော ဒီ ၁၀ ရွာစလုံး အကူအညီအထောက်အပံ့တွေလိုအပ်နေတာဖြစ်ပါတယ်။
ကူညီထောက်ပံ့လိုသူတွေအနေနဲ့ ပြည်ကြီးတံခွန်သပိတ် Facebook စာမျက်နှာကို ဆက်သွယ်နိုင်ပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့ ၁၀ ရွာထဲက တစ်ရွာ
ဓာတ်ပုံ – CJ
#Dailynews

