မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တွေပေါ်လက်နက်ကြီးကျတာကြောင့် ဒီနေ့တစ်ရက်တည်း ပြည်သူ ၁၀ဦး သေဆုံးတယ်လို့မြို့ခံတွေကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှာ အမျိုးသားနှစ်ဦး၊ ကုန်းမြင့်သာယာရပ်ကွက်မှာ အမျိုးသားသုံးဦး၊ကလေးတစ်ဦး၊ စျေးသစ်ရပ်ကွက်မှာ အမျိုးသားတစ်ဦး၊ ရွှေပြည်ဟိန်းကားဂိတ်မှာ အမျိုးသားတစ်ဦးနဲ့ စည်ပင်သာယာရပ်ကွက်ထဲမှာ သက်ကြီးပိုင်းနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
” မြို့ထဲလူနေရပ်ကွက်တွေက စစ်တပ်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာပါ၊ စစ်တပ်ဘက်ကပစ်ကူတဲ့လက်နက်ကြီးတွေက လူနေအိမ်တွေပေါ်ကိုကျနေတာ၊ အိမ်ခေါင်မိုးပေါ်ကနေ လက်နက်ပေါင်းစုံဖြတ်သွားတဲ့အသံတွေကြားနေရတယ်”လို့ အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ညောင်သုံးပင်ရပ်ကွက်၊ စစ်တန်းရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ဟပ္ဖလားရပ်ကွက်၊ ရေပူရပ်ကွက်၊ ကုန်းမြင့်သာယာရပ်ကွက်နဲ့ ပတ္တမြားစေတီအနီးတွေမှာ ဒီနေ့မနက်အစောပိုင်းက စတင်ပြီးတိုက်ပွဲဖြစ်နေတာလို့မြို့ခံတွေကပြောပါတယ်။
အခုတိုက်ပွဲ ဖြစ်နေတဲ့နေရာတွေက မြို့ပေါ်ရပ်ကွက်တွေပါတဲ့အပြင် စစ်တပ်အထိုင်ချထားတဲ့နေရာတွေဖြစ်ပြီး တိုက်ပွဲလမ်းကြောင်းတစ်လျှောက် နေအိမ်တွေထဲ ပြည်သူအားလုံးနီးပါးပိတ်မ်ိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ မနေ့က စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကျတာကြောင့် စစ်တန်းရပ်ကွက်နေ အမျိုးသားတစ် ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ညောင်သုံးပင်ရပ်ကွက်က အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူမိသားစုဝင်တွေဆီကသိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်တဲ့ MDY-PDY တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ဖြစ်ပွားတဲ့ တကျော့ပြန် မိုးကုတ်တိုက်ပွဲတွေဟာ အခုဆိုရင် ရက်ပေါင်း ၂၄ ရက်ရှိလာပြီး မြို့ပြင်တိုက်ပွဲတွေကနေ မြို့တွင်းအထိ ရောက်လာနေတာပါ။
မြောက်ပိုင်းမဟာမိတ် တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ကတော့ တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ်စုံညီအစည်းအဝေးရှိတာကြောင့် ဒီလ ၁၄ ရက်ကနေ ၁၈ ရက်ထိ အပစ်ရပ်ထားမယ်လို့ ကြေညာထားသလို TNLA ဘက်ကလည်း အဲဒီရက်တွေမှာ အပစ်ရပ်ထားတယ်လို့ ဆိုပါတယ်။
ပုံစာ – မိုးကုတ်မြို့အရှေ့ပိုင်း ဟပ္ဖလားရပ်ကွက်ထဲလက်နက်ကြီးကျပြီး လူနေအိမ်မီးလောင်နေပုံ
ဓါတ်ပုံ – Mawkun Magazine

