မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နေရာတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီကနေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေချိန် ကုန်းစံကျေးရွာဘက်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ညနေ ၄း၀၀ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ခုလေးတင်ပဲ လေယာဥ်နဲ့ သုံးလုံးကြဲသွားတယ်၊ ဘယ်နေရာထိသွားတယ်တော့မသိရသေးဘူး၊ရွာနဲ့နည်းနည်းဝေးတယ်လေ၊ သုံးခါတော့ချသွားတယ် “လို့ မော်ကွန်းက ဒီကနေ့ညနေပိုင်း ဆက်သွယ်ချိန်မှာ ဒေသခံအမျိုးသားတစ်ဦးကပြောပြပါတယ်။
မိုးကုတ်မြို့နယ်၊ ကုန်းစံကျေးရွာမှာ အခုလ ၁၀ ရက်ကစတင်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်းစစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများဆီကသိရပါတယ်။
ကုန်းစံကျေးရွာမှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာနဲ့ အနီးကျေးရွာတွေကဒေသခံတွေ မိုးကုတ်မြို့ပေါ်ကိုတိမ်းရှောင်လာရတယ်လို့ မိုးကုတ်မြို့ပေါ်ဒေသခံတွေဆီကသိရပါတယ်။
” အများကြီးလာကြတယ်၊ ရွာလုံးကျွတ်ပြေးလာကြတာပဲ၊ စားရေးသောက်ရေးကတော့ ဘုန်းကြီးကျောင်းတွေကကျွေးကြတယ်”လို့ မြို့တွင်းနေထိုင်သူဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လတ်တလော မိုးကုတ်မြို့အနီးကျေးရွာတွေက စစ်ရှောင်ထောင်ချီရှိနိုင်ပြီး မိုးကုတ်မြို့မဏိရတနာခန်းမ၊ဖောင်တော်ဦးဘုရားနဲ့ တောင်ကချင်ဘုန်းကြီးကျောင်းတွေမှာတိမ်းရှောင်နေကြရပါတယ်။
#Dailynews

