မိုင်းလုံမြို့နယ် လယ်ကြီးအာဏာသိမ်းစစ်တပ်စခန်းကို TNLA သိမ်းထား

မိုင်းလုံမြို့နယ် လယ်ကြီးအာဏာသိမ်းစစ်တပ်စခန်းကို TNLA သိမ်းထား

မိုင်းလုံ – ၂၀၂၃ ဒီဇင်ဘာ ၇ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ် လယ်ကြီးအာဏာသိမ်းစစ်တပ်စခန်းကို မနေ့က TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

မိုင်းလုံမြို့၊ လယ်ကြီးကျေးရွာ၊ အာဏာသိမ်းစစ်တပ်စခန်းကနေ ၆၀ မမ၊ ၈၀မမ လက်နက်ကြီး၊ လက်နက်ငယ် ၁၀လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မိုင်းလုံမြို့နဲ့ တစ်မိုင်ကျော်သာ ဝေးတဲ့ လယ်ကြီးကျေးရွာကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေ မနေ့မနက်အစောပိုင်းကစတင်ပြီး ဝင်ရောက်တိုက်ခိုက်နေခဲ့တာလို့ မိုင်းလုံမြို့ဒေသခံတွေကပြောပါတယ်။

” မနက်အစောကတည်းက လယ်ကြီးမှာချနေကြပြီ၊ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေကြားရတယ်၊မိုင်းလုံကိုသူတို့သိမ်းပြီး လယ်ကြီးကိုသွားတိုက်တာ၊လေယာဥ်က သုံးခါလာပစ်တယ်”လို့ မိုင်းလုံမြို့ဒေသခံတစ်ဦးကပြောပါတယ်။

လယ်ကြီးကျေးရွာ၊ အာဏာသိမ်းစစ်တပ်စခန်းနားကို စစ်တပ်က လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်မှာ ပြည်သူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်-ကျောက်မဲ-ပြင်ဦးလွင်လမ်းပိုင်း၊ မိုးကုတ်မြို့နယ် အဆုံးက လယ်ကြီးဂိတ်ကို သိမ်းပိုက်ထားပြီဖြစ်တာကြောင့် မြို့ဒေသခံတွေက မြို့ပေါ်မှာလည်း တိုက်ပွဲ ဖြစ်လာတော့မယ်လို့ ပြောဆိုနေကြပါတယ်။

” လယ်ကြီးဆိုတာ မိုးကုတ်နဲ့ ၄၅ မိနစ်လောက်ပဲသွားရတယ်၊ မိုးကုတ်ကနေလယ်ကြီးကိုသွားတဲ့လမ်းက ရွာတွေမှာလည်းလူမရှိကြတော့ဘူး ၊မိုးကုတ်ကို ရောက်လာဖို့ ပန်းမထိပ်ကစစ်တပ်ဂိတ်တစ်ခုပဲကျန်တော့တယ် “လို့မိုးကုတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

မိုင်းလုံမြို့ပေါ်က စစ်တပ်အထိုင်တပ်စခန်းကိုလည်း TNLA ပူးပေါင်းတပ်က ဒီဇင်ဘာ ၅ရက်ည ၈နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."