ရန်ကုန်- ၂၀၂၃၊ မေ ၁၈ (မော်ကွန်း)
ဆိုက်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့ပြီး သောက်သုံးရေ အခက်အခဲကြုံနေရတယ်လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ တာဝန်ခံမှပြောပါတယ်။
“နယ်တွေ(ကျေးရွာတွေ)ဘက်မှာမုန်တိုင်းမဖြစ်ခင်ကရေတွေခမ်းနေတာ။ မုန်တိုင်းဖြစ်တော့ဆားငံရေတွေနဲ့။ သုံးရေလောက်ပဲအဆင်ပြေတယ်။ သောက်ရေကတော့အဆင်မပြေဘူး” လို့ ၎င်းကပြောပါတယ်။
မုန်တိုင်းမဝင်မီက ပုဏ္ဏားကျွန်းကကျေးရွာတွေမှာ နှစ်စဉ်နွေရာသီရောက်တိုင်းသောက်သုံးရေကန်တွေခမ်းခြောက်နေပြီး မုန်တိုင်းဝင်ပြီးတဲ့နောက်မှာသောက်သုံးရေကန်တွေပျက်စီးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာပေါင်း နှစ်ရာနီးပါးရှိပြီး မိုခါမုန်တိုင်းကြောင့် နေအိမ်တွေ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေထံမှသိရပါတယ်။
လက်ရှိပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုမလုပ်နိုင်သေးဘဲ အပျက်အစီးတွေကိုအနိုင်နိုင်ရှင်းလင်းနေရတယ်လို့ဆိုပါတယ်။
“သံဖြူ(သွပ်) စျေးတွေ၊သံမှို (သွပ်ရိုက်သံ) ဈေးတွေလည်းတက်နေတော့ တစ်ချို့ငွေကြေးမတတ်နိုင်တဲ့သူတွေဆိုသူတို့ရဲ့နေအိမ်တွေကိုဘာမှမပြင်နိုင်သေးဘူး” လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ တာဝန်ခံမှပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ သွပ်ရိုက်သံ တစ်ပိဿာကို လေးသောင်းနီးပါးစျေးတင်ရောင်းနေတာကြောင့် ရန်ကုန်ကနေ သွပ်ရိုက်သံတွေမှာယူပြီးဖြန့်ချိပေးနေရတယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ အပျက်အစီးအများအပြားရှိခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့လည်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံမှသိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်လိုပဲ စစ်တွေမြို့ပေါ်မှာလည်း သောက်သုံးရေပြဿနာကြုံနေရတာကြောင့် တတ်နိုင်တဲ့သူတွေ သောက်သုံးရေလှူဒါန်းပေးနေတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) က မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး လူရှစ်သိန်းအစားအစာအထောက်အပံ့ဖို့အရေးပေါ်လိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။
ပုံစာ-ပုံဏ္ဏားကျွန်းမြို့နယ်မှ လေဘေးရှောင်နေသူများ
Photo- PNG Development Youth Organization PDYO
#Dailynews

