ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း)
ပဲခူးတိုင်း မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် လေးပေခန့်မြင့်တက်လာတာကြောင့် ညောင်လေးပင် – မဒေါက် – ရွှေကျင်ကားလမ်းကို ပိတ်ထားရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
မဒေါက်မြို့ရဲ့အထွက် မဒေါက်-ညောင်လေးပင် ကားလမ်းအနီးမှာလည်း စစ်တောင်းမြစ်ရေက ကားလမ်းပေါ်ထိ ရေကျော်နေတာကြောင့်သွားလာလို့ မရတော့ဘူးလို့ မဒေါက်ဒေသခံတချို့က ပြောပါတယ်။
“ဒီမနက်က ကားလမ်းပေါ်ကို ဒူးကျော်တဲ့အထိ ရေတက်လာတယ်။ ရေစီးကလည်းကြမ်းတယ်။ မဒေါက်အထွက်မှာ ဘယ်ကားမှသွားမရလို့ ကားတွေပုံပြီး ရေစောင့်နေကြတယ်။ အခုထိတော့ မကျသေးဘူး၊ ညောင်လေးပင်ဘက်တော့ သွားလို့မရတော့ဘူး၊ ရွှေကျင်ဘက်ဆိုရင်တော့ ဆိုင်ကယ်နဲ့ စက်လှေကူးပြီးသွားလို့ရတယ်။ Pro Box ထက်မြင့်တဲ့ကားတွေ သွားလို့ရသေးတယ်” လို့ မဒေါက်ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေကို တားထားတဲ့ တာတမံတစ်ခု မနေ့မနက်ပိုင်းက ကျိုးသွားခဲ့ပြီး မဒေါက်ရဲ့ အနိမ့်ပိုင်းတွေနဲ့ ပြွန်တန်ဆာနဲ့ညောင်လေးပင်မြို့တွေက မြစ်ချောင်းအနီးနေထိုင်သူတွေ သတိထားဖို့ ဒေသခံ ပရဟိတအသင်းတချို့က သတိပေးခဲ့ကြပါတယ်။
လက်ရှိမှာတော့ လမ်းပိုင်းတွေကို အရေးပေါ်ပြင်ဆင်တာ ဒေသခံတွေကို ယာယီအရေးပေါ်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေတယ်လို့ မဒေါက်ဒေသခံတစ်ဦးက ပြောပါတယ်။
“ရေစီးတာ တော်တော်လေးမြန်တယ်ဗျ၊ မနေ့တုန်းက ခြေကျင်းဝတ်လောက်တက်တဲ့ရေက အခု လေးပေ၊ ငါးပေလောက်မြင့်တက်သွားတာ၊ တမံကျိုးသွားတဲ့နေရာဆို သွားလို့မရတော့ဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ မဒေါက်မြို့မ (၁)ရပ်ကွက်၊ မဒေါက်မြို့ စည်ပင်သာယာစျေးအနောက်လမ်း၊ အင်းကလိပ်ကျေးရွာ၊ ဘုရားဖြူကျေးရွာနဲ့ အင်းချောင်ကျေးရွာတွေမှာ ရေတွေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်အစောပိုင်း တိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် လေးပေထိ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲထိ ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် စစ်တောင်းမြစ်အပြင်၊ သံလွင်၊ သောင်ရင်း၊ ငဝန်၊ ရွှေကျင်မြစ်တွေနဲ့ မယ်ဆိုင်ချောင်းရေတွေလည်း စိုးရိမ်ရေမှတ်အထက်ကို ရောက်နေတာကြောင့် ၎င်းမြစ်ချောင်းတွေအနီးက ဘားအံ၊ ဘီးလင်း၊ ပုသိမ်၊ မအူပင်၊ ရွှေကျင်၊ မြဝတီ၊ တာချီလိတ်၊ မဒေါက်နဲ့ ငါးသိုင်းချောင်းမြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်မှာနေထိုင်သူတွေဟာ ရေဘေးလွတ်ရာကို ရှောင်ရှားဖို့ မိုးဇလက အသိပေးထုတ်ပြန်ပါတယ်။

ပုံစာ – မဒေါက်မြို့ထဲ စစ်တောင်းမြစ်ရေမြင့်တက်လာတဲ့ မြင်ကွင်းတချို့
ဓါတ်ပုံ – Ei Yamin Nu

