မတ္တရာ – ၂၀၂၄ မေ ၁၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို MDY PDF က ဒီနေ့ နံနက် ၅း၀၀ အချိန် စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၅း၄၅မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးချစ်ခိုင်အပါအဝင်စစ်သား ၁၂ဦးသေဆုံးခဲ့ကြောင်း MDY PDF ကသိရပါတယ်။
” ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်နေစဥ်အတွင်းမှာ စစ်တပ်ဘက်က ကစဥ့်ကလျားနဲ့ထွက်ပြေးတာတွေရှိပါတယ်၊ အခုလက်ရှိတော့စခန်းကို ရှင်းလင်းရေးလုပ်ပြီး အောင်မြင်စွာ ပြန်လည်းဆုတ်ခွါခဲ့ပါပြီ”လို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်စခန်းဟာ မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကပြည်သူတွေဆီကနေအဓမ္မငွေကြေးကောက်ခံနေတဲ့ စစ်တပ်ဂိတ်ဖြစ်တယ်လို့ သူကပြောပါတယ်။
တောင်တံငါကျေးရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ကဗိုလ်ကြီးချစ်ခိုင် အပါအဝင်စစ်သား၁၂ဦးသေဆုံး ပြီး MDY PDF က ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။
အဆိုပါ စခန်းကနေ Drone Jammer တစ်လက် အပါအဝင်လက်နက်ခဲယမ်းအများအပြားနဲ့ ဗိုလ်ကြီးချစ်ချစ်ကိုင်ဆောင်တဲ့ ကလေးကစားစရာ ကော်သေနတ်ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပုံစာ – သိမ်းဆည်းရမိသည့်လက်နက်များ
ဓါတ်ပုံ – MDY PDF

