ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
ပဲခူးတိုင်း၊ ဖြူးမြို့နယ်က စစ်ကောင်စီစခန်းသုံးနေရာကို ဒီနေ့မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဖြူးမြို့နယ်အထွက်က ညောင်ပင်သာရွာမှာအခြေစိုက်ထားတဲ့ ခလရ – ၅ ခြေလျင်တပ်ရင်း၊ ခမရ ၃၀၆ ခြေမြန်တပ်ရင်းနဲ့ ညောင်ပင်သာရွာအဝင်စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်အစောပိုင်းတွေမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဖြူးဒေသခံတချို့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အပြန်အလှန်ပစ်ခတ်မှု နာရီပိုင်းခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဖြူးဒေသခံတစ်ဦးကပြောပါတယ်။
“ည ၁၂ နာရီလောက်မှာ တစ်ခါပစ်ခတ်သံကြားရတယ်၊ တော်တော်ကြာတယ်။ နောက် မနက် ၂ နာရီ ၃ နာရီလောက်မှာလည်း ထပ်ပစ်ခတ်နေတယ်” လို့ ဖြူးဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ဖြူးမြို့နယ်အထွက် ညောင်ပင်သာရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ပြန်လည်ပစ်ခတ်သိမ်းယူခဲ့ရပါသေးတယ်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းထဲက တော်လှန်ရေးတပ်တွေ လှုပ်ရှားလာနေပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ခပ်စိပ်စိပ် တိုက်ခိုက်ခံလာရတယ်လို့ ဖြူးဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောက်ကြီး၊ နတ်သံကွင်းဘက်တွေကနေ စလာတာ၊ ဒီဘက်ဖြူးထိ တက်လာပြီ။ လမ်းဟောင်းတစ်လျှောက်ကဂိတ်တွေ ခဏခဏအတိုက်ခံနေတာကြာပြီ။ အဲဒီမှာလည်းစစ်တပ်က အထိုင်စခန်းတွေ၊ ကင်းစခန်းတွေ ပိုများလာတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတွေအပြင် KNLA တပ်ရင်းတွေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တချို့လည်း လှုပ်ရှားနေတာပါ။
NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ တော်လှန်ရေးတပ်တွေအနေနဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ရေးဖော်ဆောင်ဖို့ စတင်နေပြီလို့ ပြောဆိုထားပါတယ်။
ပုံစာ – ပဲခူးတိုင်းအတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ

