ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း)
မေ ၃၁ ရက်က စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီရဲ့ အလောင်းကို ဒီကနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့ရပါတယ်။
“ညောင်ပင်ကြီးစခန်းသိမ်းတဲ့နေ့က အကူစစ်ကြောင်းနဲ့အတူ ကိုဗန့်ဂျီပါလာတယ်လို့ သိရတယ်”လို့ ဒေသတော်လှန်ရေးသမားတစ်ဦးကပြောပါတယ်။
ဒီကနေ့မှာတော့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ၊ ထန်းတောဆိပ်နားမှာ ဦးဗန့်ဂျီရဲ့အလောင်းကို တော်လှန်ရေးရဲဘော်တွေက ရှာတွေ့ခဲ့ကြပါတယ်။
ဦးဗန့်ဂျီရဲ့ ခန္ဓာကိုယ်မှာသေနတ်ဒဏ်ရာတွေနဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေအပြည့်ပဲလို့ တွေ့ရှိခဲ့ရသူတွေဆီကသိရပါတယ်။
အလောင်းပစ်ထားခဲ့တဲ့နေရာအနီးမှာ မိုင်းပါထောင်ခဲ့လို့ အလောင်းသယ်တဲ့ ရဲဘော်တစ်ဦးလည်း မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၃ မေ ၃၁ ရက်က ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမြတ်သူလင်းခေါ် ဦးဗန့်ဂျီဟာ ညောင်ပင်ကြီးကျေးရွာနားမှာ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့မိကာ အဖမ်းခံခဲ့ရတာပါ။
ဦးဗန့်ဂျီဟာ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
ပုံစာ – ဦးဗန့်ဂျီရဲ့အလောင်း
ဓါတ်ပုံ – Supplied
#Dailynews

