ပုဏ္ဏားကျွန်း- ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း)
ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာက မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ကြိုးတံတားပေါ်ဖြတ်သန်းသွားလာရင်း လူတစ်ဦးဒီနေ့နံနက် ၈:၃၀ နာရီလောက်မှာ တံတားပေါ်ကပြုတ်ကျပြီးပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO) တာဝန်ခံကပြောပါတယ်။
“ပျောက်သွားတဲ့သူကအသက် ၄၃ နှစ်၊ဦးထွန်းလှလို့သိရတယ်။ သူကတံတားပေါ်ကဖြတ်နေကျလို့ပြောတယ်။ အဲ့တံတားကမပြုပြင်ရသေးဘူး။ နံနက်ပိုင်းလောက်မှပြုတ်ကျသွားတာ။အခုထိကျွန်တော်တို့ရှာနေတုန်းပဲ” လို့သူကပြောပါတယ်။
အဲဒီကြိုးတံတားမှာ အရင်ကအခုလိုလူပြုတ်ကျပျောက်ဆုံးသွားတဲ့ဖြစ်ရိုးဖြစ်စဉ်မရှိဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်မှာ ရခိုင်ပြည်နယ်ထဲဝင်ရောက်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် အဲဒီကြိုးတံတားဟာပျက်စီးသွားခဲ့ပြီးအခုချိန်ထိမပြင်ဆင်ရသေးဘူးလို့သိရပါတယ်။
အဲဒီတံတားအောက်မှာတော့ ပုဏ္ဏားကျွန်းချောင်းရှိပြီး ရေစီးသန်တယ်လို့ဆိုပါတယ်။
ပျောက်ဆုံးနေသူကိုတော့ အခုချိန်ထိရှာမတွေ့သေးသလို PDYO နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းရေအာက်ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေဆဲလို့သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့်ထိခိုက်မှုအများဆုံးမြို့နယ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့စာရင်းတွေအရသိရပါတယ်။
မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ရွာပေါင်း ၃၀၀ နီးပါးမှာ ၁၉၀ လောက်လုံးဝပျက်စီးသွားခဲ့တယ်လို့ PDYO ထံမှသိရပါတယ်။
ပုံစာ- ပျက်စီးသွားတဲ့ကြိုးတံတားအနီး PDYO နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရှာဖွေကယ်ဆယ်ရေးလုပ်နေသည့်မြင်ကွင်း
Photo – PDYO
#Dailynews

