ဟိုပုံး – ၂၀၂၄ ဇွန် ၂ (မော်ကွန်း)
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသမှာ ဒေသခံအမျိုးသားတစ်ဦး နွားကျောင်းရင်း မိုင်းနင်းမိတာကြောင့် ဘယ်ခြေတစ်ဘက်ပြတ်သွားပါတယ်။
မိုင်းနင်းမိသူဟာ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ လွယ်ဝိုးတုတ်ရွာက ဒေသခံ ဦးတငယ်(၄၉နှစ်)ဖြစ်ပြီး ဒီနေ့ နံနက်ပိုင်းမှာ နွားကျောင်းရင်း မိုင်းနင်းမိခဲ့တာပါ။
ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အခုတော့ အောင်ပန်းဆေးရုံကို လွှဲပြောင်းလိုက်ရပါပြီ။
လွယ်ဝိုးတုတ်ရွာဟာ အိမ်ခြေ ၆၀ ဝန်းကျင်ရှိပြီး ဦးတငယ်ဟာ ရွာမှာ ဒုတိယမြောက် မိုင်းနင်းမိသူဖြစ်ပါတယ်။
မဲနယ်တောင်ဒေသအပါအဝင် ပအိုဝ်းဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကစလို့ စစ်မြေပြင်ဖြစ်လာပြီး အာဏာသိမ်းစစ်တပ်၊ သူ့လက်အောက်ခံ ဌာနေအသွင်ပြောင်းပအိုဝ်းပြည်သူ့စစ်(PNO/PNA)တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဦးဆောင်တဲ့တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးတဲ့နေရာတွေပါ။
ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ အခုနောက်ဆုံး တိုက်ပွဲကာလ လေးလအတွင်း မြေမြှုပ်မိုင်းအပါအဝင် စစ်အကြွင်းအကျန်လက်နက်တွေကြောင့် သေဆုံးရတဲ့အရပ်သားပြည်သူဟာ ၁၈ ဦးရှိလာပြီလို့ မော်ကွန်းကိုပြောပါတယ်။
“ထိခိုက်ကြတဲ့ပုံစံတွေကတော့ စစ်ပဋိပက္ခငြိမ်နေလို့ နေရပ်ကို ပြန်လာကြသူတွေ၊ စစ်ရှောင်နေရချိန် စားနပ်ရိက္ခါပြန်ယူသူတွေ အပြင် တောင်ယာတွေ၊ ခြံယာတွေ လုပ်ဖို့သွားနေရင်း ထိခိုက်သေဆုံးကြတာတွေဖြစ်ပါတယ်”လို့ PYO တာဝန်ရှိသူကပြောပါတယ်။
ဒါအပြင် ကျေးရွာတချို့မှာ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေနဲ့ စာသင်ကျောင်းတွေမှာပါ မပေါက်ကွဲသေးတဲ့ ဗုံးတွေ၊ မြေမြှုပ်မိုင်းတွေကိုလည်း တွေ့ရတာရှိတယ်လို့ PYO ကဆိုပါတယ်။
တိုက်ပွဲတွေကတော့ လွိုင်လင်၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တွေမှာ ဆက်လက်ဖြစ်ပွါးနေပြီး ၂၀၂၄ ဇန်နဝါရီ ၂၁ကနေ မေ ၁၈ ထိ အရပ်သားသေဆုံးမှု ၇၅ ဦးရှိတယ်လို့ PYO ကထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွါးနေတဲ့ ပအိုဝ်းဒေသ စစ်ရှောင်ဦးရေကတော့ ၅၉,၀၀၀ ရှိနေပါတယ်။
ဓာတ်ပုံ – Supplied
ပုံစာ – ယနေ့ မိုင်းနင်းမိတဲ့ လွယ်ဝိုးတုတ်ရွာ ဒေသခံ

