ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၂၆ (မော်ကွန်း)
ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကိုကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောကြောင်း စက်ရုံအရေးဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ လာရောက်တောင်းဆိုသည့် ဒေသခံများကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မအူပင်-တွံတေးကားလမ်းမဘေးရှိ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကြောင့် လေထု၊ ရေထုနှင့်မြေဆီလွှာညစ်ညမ်းကာ ဒုက္ခရောက်နေကြသည့် ကျေးရွာများမှ ဒေသခံ ၂၀ ဦးသည် တိုင်းအစိုးရအဖွဲ့ရုံးသို့ ယနေ့မနက်ပိုင်းတွင် လာရောက်ကာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ သူ့(ဝန်ကြီးချုပ်)အနေနဲ့ မနက်ဖြန် ဝန်ကြီးနှစ်ဦး လာပြီးတော့ စစ်ပေးမယ်။ ရုံးအဖွဲ့ကိုလည်း အကြောင်းကြားပါ့မယ်လို့ပြောပါတယ်။ သန်ဘက်ခါကျရင် သူကိုယ်တိုင်ကျေးရွာကိုလာပြီး ရွာသားတွေနဲ့တွေ့ဆုံမယ်။ ဒီစက်ရုံနဲ့ပတ်သက်ပြီး သူကိုယ်တိုင် ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး အခုနက ပြောပါတယ်”ဟု ဒေသခံများကို ကူညီပေးနေသည့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရခဲ့သူ ဦးရဲဝင်းထွဋ်က ပြောသည်။
၎င်းစက်ရုံသည် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင်မြေ ဧက ၂၇.၇၇ ကို ဓာတ်မြေသြဇာများ သိုလှောင်ခြင်း၊ တင်ချခြင်းတို့ကို ပြုလုပ်မည်ဟုဆိုကာ တစ်နှစ် ကျပ်သိန်း ၆၀၀ ဖြင့် ငှားရမ်းလည်ပတ်နေသည့် စက်ရုံဖြစ်သည်။
သို့သော် သိုလှောင်ရုံအဖြစ်သာမက ကုန်ချောထုတ်လုပ်နေသည့် စက်ရုံအဖြစ်လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်ရွာများရှိ သောက်သုံးရေကန်များ၊ စိုက်ပျိုးရေးခြံများနှင့် လေထုအတွင်း ညစ်ညမ်းမှုများနှင့် ကြုံနေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
တွံတေးမြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးကလည်း ထိုစက်ရုံသည် မူလငှားရမ်းထားသည့် စာချုပ်ပါအချက်များကို ချိုးဖောက်၍ လည်ပတ်နေသည့် စက်ရုံ ဖြစ်သည်ဟု ပြောသည်။
” ကျွန်တော်တို့ကွင်းဆင်းစစ်တေးတဲ့အခါကျရင် သူကရပ်ထားလိုက်တယ်။ ကျွန်တော်တို့ သွားတော့ အနံမထွက်လာဘူး။ မစစ်ဘူးဆိုရင် အချို့ဟာ ပြန်လည်ပြီ။ အဲဒီအခါ ဘေးနားပတ်ဝန်းကျင်ထိခိုက်တယ်”ဟု သူက ပြောသည်။
ဒါအပြင် ထိုစက်ရုံသည် ကျင့်ဝတ်ပိုင်းအရ လိုက်နာစောင့်သိရမည့်အရာများကို ချိုးဖောက်လည်ပတ်နေသည့်စက်ရုံတစ်ရုံဟုလည်း ဒေါက်တာကျော်ဇင်ဦးက ပြောသည်။
” အခုဟာက သူက ဥပဒေချိုးဖောက်ပြီး လည်ပတ်တဲ့ပုံစံဖြစ်တဲ့အတွက် သူ့ကိုလည်း အစိုးရအနေနဲ့ ဥပဒေအရ အရေးယူပေးစေချင်တယ်” ဟု သူက ပြောသည်။
ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်တွင် စက်ရုံကို သွားရောက်စစ်ဆေးပြီး လုပ်ငန်းများ ရပ်တန့်ထားရန် ဇန်နဝါရီ ၁၅ ရက်တွင် စက်ရုံဘက်ကို အကြောင်းကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။ သိုသော် စက်ရုံဆက်လက်လည်ပတ်နေသဖြင့် အနံဆိုးများကို ဆက်လက်ခံစားနေရကြောင်း ဒေသခံများကပြောသည်။
စက်ရုံအပေါ်စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရွှေနဂါးစက်ရုံ၏ မန်နေဂျာဖြစ်သူထံကို ဆက်သွယ်မေးမြန်းရာတွင် အဆက်အသွယ်မရပါ။
ပုံစာ – ရန်ကုန်တိုင်းဒေသကြီး၊အစိုးရရုံးရှေ့တွင် ဒေသခံပြည်သူများကို လာရောက်တွေ့ဆုံခဲ့သည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ဓာတ်ပုံ – ဂေထော
#Dailynews

