ရန်ကုန် – ၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း)
စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နောင်ချိုမြို့အစပ်နားထိ တိုက်ပွဲတွေ ရောက်ရှိလာနေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီလို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်အဝင်က နောင်ချိုမြို့ကို ပြန်ရဖို့အတွက် ဒီနှစ်လယ်ပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာပါ။
လက်ရှိမှာ နောင်ချိုမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံတွေ ထောင်နဲ့ချီပြီးတော့ တိုက်ပွဲလွတ်ရာရွာတွေဆီကို စစ်ဘေးရှောင်နေကြရတာပါ။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ နောင်ချိုဒေသခံစစ်ဘေးရှောင် ၁,၈၀၀ နီးပါး ရောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့ကလည်း ပြောပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီအနေနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းကြောင်းနဲ့ တောင်ခမ်း-နောင်ချို လမ်းကြောင်းဆိုပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒီရက်ပိုင်းအတွင်း နောင်ချိုမြို့အဝင်အနီးမှာ လက်နက်ကြီးတွေ လေကြောင်းပစ်ခတ်မှုတွေ အနီးကပ်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ မြို့ပေါ်မှာ မနေထိုင်ရဲကြတော့ဘူးလို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“နောင်ချိုပတ်ချာလည်မှာ တိုက်ပွဲဖြစ်နေတာ။ မြို့နဲ့ဆို နှစ်မိုင်သုံးမိုင်လောက်ထိ လက်နက်ကြီးတွေရောက်နေတယ်။ လူတွေကတော့ လက်နက်ကြီးလွတ်မယ့်နေရာ၊ တိုက်ပွဲနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေကို ရှောင်နေကြတာပေါ့၊ အိမ်မှာတော့ တစ်လမ်းလုံး လူအစောင့် တစ်ယောက်နှစ်ယောက်လောက်ပဲရှိတော့မှာပေါ့” လို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်အတွင်းက နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံ၊ လုံရဲ၊ အုမ္မသီးနဲ့ ဆမ္မဆယ် ကျေးရွာပေါင်း ခုနစ်ရွာခန့်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း TNLA သတင်းနဲ့ပြန်ကြားရေးက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
၎င်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ လက်နက်ကြီးတွေလည်း အများအပြားအသုံးပြုတိုက်ခိုက်နေပြီး ဒေသခံတွေ လေကြောင်းရန် သတိပြုဖို့ TNLA က ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ အထင်ကရ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့အနီးမှာ ရှိနေတဲ့ နောင်ချိုကို ပြီးခဲ့တဲ့တစ်နှစ်ကျော်က TNLA ဆီ လက်လွှတ်ခဲ့ရပါတယ်။
ပုံစာ – TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

