ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း)
ထိုင်းဗီဇာလျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ပဲ ပြောင်းလဲလက်ခံတော့မှာဖြစ်တဲ့အတွက် ထိုင်းဗီဇာရဖို့ အရင်ထက်ပိုမိုခက်ခဲလာတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် ရန်ကုန်မြို့ကထိုင်းသံရုံးအရှေ့မှာ ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းသူတွေ ထောင်နဲ့ချီပြီးများပြားလာတာကြောင့် အွန်လိုင်းကနေ ရက် ၃၀ ကြိုတင်ရက်ချိန်းရယူမယ်လို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့ကထုတ်ပြန်ထားပါတယ်။
မနေ့ကတော့ ဗီဇာလျှောက်ထားမှုတွေကို အွန်လိုင်းကနေ ၂၀၀ ဦး၊ တန်းစီစနစ်နဲ့ ၂၀၀ ဦး နေ့စဉ်လက်ခံသွားမယ်လို့ ထုတ်ပြန်ထားပြီးမှ အဆိုပါထုတ်ပြန်ချက်ကို ပယ်ဖျက်ပြီး အွန်လိုင်းကပဲ ခွင့်ပြုတော့မယ်လို့ ထပ်မံထုတ်ပြန်လာတာပါ။
“ပြီးခဲ့တဲ့ရက်ပိုင်းက လူအုပ်ကြီးက အရမ်းများလွန်းတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ အရင်ရက်တွေကတော့ တိုးနိုင်မှ ဗီဇာရမှာပေါ့။ အခုက တစ်လကြိုတင် အွန်လိုင်းကနေ Booking လုပ်ရမှာပေါ့ ” လို့ ပြည်ပခရီးသွားအေဂျင်စီလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံကိုသွားရောက်ဖို့ ဗီဇာလျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရဲ့ Website စာမျက်နှာ www.thaiconsularyangon.com/visa/ ကို ဝင်ရောက်ပြီး လျှောက်ထားလိုသူရဲ့ အီးမေးလ်လိပ်စာ၊ နိုင်ငံကူးလက်မှတ်နံပါတ်တွေနဲ့ ဝင်ရောက်လျှောက်ထားရမှာပါ။
အွန်လိုင်းကနေ ဗီဇာရက်ချိန်းလျှောက်ထားမှုတွေကို တစ်နေ့ကို လူအယောက် ၄၀၀ နှုန်းနဲ့ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဗီဇာလျှောက်ထားလိုသူဟာ ရက် ၃၀ ကြိုတင်ရက်ချိန်းရမှာဖြစ်တယ်လို့ ထိုင်းသံရုံး Website မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ထိုင်းသံရုံးကို Tourist Visa လို့ ခေါ်တဲ့ အလည်အပတ်ဗီဇာနဲ့ ထိုင်းနိုင်ငံမှာ နှစ်လကြာနေထိုင်ခွင့်ကို လျှောက်ထားသူတွေ များပြားလာတယ်လို့ ပြည်ပခရီးသွားအေဂျင်စီတွေနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။
ဒါ့အပြင် အခုလို အွန်လိုင်းကနေ ရက်ချိန်းယူရမယ့်စနစ်ကို ပြောင်းလဲလိုက်တာကြောင့် ထိုင်းဗီဇာရဖို့ စောင့်ဆိုင်းရတဲ့ကာလလည်း ပိုမိုကြာမြင့်သွားတယ်လို့ ပြည်ပခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်က ထိုင်းသံရုံးဗီဇာက သိပ်မကြာဘူး။ တစ်ပတ်လောက်ပဲ စောင့်ရတာ။ အခုကတော့ တိုကင်မှာ တစ်လကြိုတင်ရတဲ့ ပုံစံဖြစ်သွားတာပေါ့” လို့ ပြည်ပခရီးသွားအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ယခုလ ၁၀ ရက်မှာ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေကာ ပြည်ပကို ထွက်ခွာမယ့်သူတွေ ပိုမိုများပြားလာတာပါ။
အခုလို ထိုင်းနိုင်ငံကို သွားရောက်မယ့်သူတွေ များလာတာကြောင့် တရားမဝင်ဝင်ရောက်သူတွေကို အရေးယူမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယခုလ ၁၉ ရက်က ဘန်ကောက်ပို့စ်သတင်းစာမှာ သတိပေး ပြောကြားခဲ့ပါသေးတယ်။
ပုံစာ – ထိုင်းသံရုံးအရှေ့မှာ ဗီဇာလျှောက်ထားသူတွေကို တွေ့ရစဉ်
ဓာတ်ပုံ – Royal Travels