နိုင်ငံခြားငွေလဲလုပ်ငန်းကုမ္ပဏီ ၁၃ ခု လိုင်စင်ရုပ်သိမ်းခံရ

နိုင်ငံခြားငွေလဲလုပ်ငန်းကုမ္ပဏီ ၁၃ ခု လိုင်စင်ရုပ်သိမ်းခံရ

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း)

ပြင်ပဈေးကွက်အတွင်း ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်တက်နေချိန်မှာ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီ ၁၃ ခုရဲ့ လိုင်စင်တွေကို ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

အဆိုပါ ကုမ္ပဏီ ၁၃ ခုဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) တွေကို ယခုလ ၁၄ ရက်ကစပြီး ရုပ်သိမ်းလိုက်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားငွေရောင်းဝယ်မှုလုပ်ငန်းတွေကို တရားမဝင် အွန်လိုင်းကနေ အရောင်းအဝယ်ပြုလုပ်တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် အခုလို လိုင်စင်ရုပ်သိမ်းခံလိုက်ရတာဖြစ်တယ်လို့ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ သူတို့က Money Changer တွေကို အဓိက စစ်ဆေးတာက Viber တို့ မက်ဆင်ဂျာတို့လို အွန်လိုင်းကနေ တစ်ဆင့်ချိတ်ပြီး အရောင်းအဝယ်လုပ်တာတွေ ရှိမရှိကို အဓိကစစ်တယ်၊ တရားဝင်ကောင်တာတွေမှာပဲ အရောင်းအဝယ်လုပ်အောင်ဆိုပြီး အဲ့ဒီအချက်ကိုပဲ အဓိကထားစစ်တာ၊ အဲ့ဒီအချက်တွေ တွေ့သွားလို့ လိုင်စင်ရုပ်သိမ်းခံရတာ” လို့ သူကပြောပါတယ်။

လက်ရှိမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေအရောင်းအဝယ်တွေကို ပြင်ပဈေးကွက်တွေမှာပဲ အရောင်းအဝယ်လုပ်နေတာကို ထိန်းချုပ်လိုတဲ့အတွက် အခုလိုတွေ Money Changer တွေကို တင်းကြပ်လာတာဖြစ်တယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

“အွန်လိုင်းမှာအရောင်းအဝယ်လုပ်နေတာ အများကြီးပဲလေ၊ နည်းလမ်းမျိုးစုံနဲ့ ရှိနေတာ။ တရားဝင်ဈေးနဲ့ ပြင်ပဈေးကွက်က ကွာဟမှုရှိတော့ ပြင်ပဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ပဲ အရောင်းအဝယ်လုပ်နေကြတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ပြင်ပငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာအပါအဝင် ထိုင်းဘတ်၊ တရုတ်ယွမ် စတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်နေချိန်မှာ အခုလို ငွေလဲလုပ်ငန်းတွေရဲ့ လိုင်စင်တွေကို ရုပ်သိမ်းလိုက်တာပါ။

ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၃,၆၀၀ ကျော်ထိ မြင့်တက်နေပြီး ထိုင်းဘတ်ငွေ လဲလှယ်နှုန်းကလည်း တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၀၀ ကျော်ကို ရောက်ရှိနေပါတယ်။

စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ယခုနှစ် မတ်လပိုင်းကလည်း Money Changer လိုင်စင်ရ ကုမ္ပဏီ ၂၀ ကို လိုင်စင်ရုပ်သိမ်းခဲ့ပြီး ယခုနှစ်အတွင်း လိုင်စင်ရုပ်သိမ်းခံရတဲ့ Money Changer ကုမ္ပဏီ ၃၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။

ပြင်တွင်းငွေကြေးဈေးကွက်မှာ နိုင်ငံခြားငွေကြေးဈေးကစားသူတွေဟာ ကောလာဟလ သတင်းတွေထုတ်လွှင့်ပြီး ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေအောင် လှုံ့ဆော်နေမှုတွေရှိနေပြီး အရေးယူသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာထားပါတယ်။

ပုံစာ – လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲလုပ်ငန်းများ
Photo – CBM


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."