တအာင်း – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ဟာ တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်က အရပ်သားပြည်သူတွေကို လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုး ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ်လေးလုံး၊ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေပါ ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ကုန်းသာရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေတိုက်ခိုက်သလို မြေပြင်မှာလည်း နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောဆိုချက်နဲ့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေဟာ ကုန်းသာရွာနားက ဟူးမန်းရွာနဲ့ပန်းအလောက်ရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ ငွေကြေးတွေကိုလည်း ခိုးယူသွားတယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကစလို့ TNLA နဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတာကြောင့် ဒေသခံတွေဟာ နမ့်ဆန်မြို့ပေါ်နဲ့ နီးစပ်ရာဒေသတွေကို စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။
ဓာတ်ပုံ – TNLA
#Dailynews